ဘိုကလေးမြို့ ကဒုံဧရာကမ်းခြေမှာ လမ်းလျှောက်သင်္ကြန်လုပ်ဖို့ စီစဉ်နေ

ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် ဧရာကျေးရွာမှာရှိတဲ့ 528 Beach Resortမှာ လမ်းလျှောက်သင်္ကြန်လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုနဲ့ 528 beach resort ပိုင်ရှင်တို့ ပူးပေါင်းကာ ကဒုံဧရာကမ်းခြေမှာ အခုလို လမ်းလျှောက် သင်္ကြန်ဖွင့်ကို ပြင်ဆင်နေခဲ့တာလို့ ဆိုပါတယ်။
“ရန်ကုန်က အကောင်ကြီးကြီး သားသမီးတွေနဲ့ သူဌေးတွေကိုပဲ အထူးအစီအစဉ်နဲ့ ဖိတ်ထားတယ်လို့ ကြားတယ် အဲ့မှာ သင်္ကြန်ပွဲလုပ်မယ်ပေါ့၊ ကုန်းလမ်းနဲ့တောင် မဟုတ်ဘူး ရန်ကုန်ကနေ အပျော်စီးသင်္ဘောတွေနဲ့ပါ ကမ်းခြေကို လာပြီးတော့ သင်္ကြန်လုပ်ဖို့ စီစဉ်နေကြတာ”လို့ ဘိုကလေးမြို့ခံတစ်ဦးက ဆိုပါတယ်။
ကဒုံဧရာကမ်းခြေဟာ ဘိုကလေးမြို့ကနေ ၂၅မိုင်ခန့် ကွာဝေးပြီး ဘင်္ဂလားပင်လယ်အော် အစပ်မှာ တည်ရှိကာ ပင်လယ်နဲ့ နီးစပ်တဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။
ကဒုံဧရာကမ်းခြေကို 528 beach resort က ပိုင်ဆိုင်ပြီး ကမ်းခြေမှာ ဘန်ဂလိုတွေနဲ့ တည်းခိုဆောင်တွေကို တည်ဆောက်ထားကာ KTVခန်း ဖျော်ဖြေရေး စင်တွေနဲ့ ပင်လယ်စပ်ကို လမ်းလျှောက်ထွက်နိုင်ဖို့ မြစ်တွင်းတံတားတစ်ခုကိုပါ တည်ဆောက်ထားတဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။
ဓာတ်ပုံ- CJ