လိုင်ဇာမြို့အနီးကို စစ်အုပ်စုက စစ်ကြောင်းထိုးလာ

Photo- AFP
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးမှာရှိတဲ့ နမ်ဆန်ယန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် စစ်ရေးတင်းမာနေတယ်လို့ ဒေသတွင်းသတင်းဌာနဖြစ်တဲ့ The 74 Media ကဖော်ပြထားပါတယ်။
မနေ့က ဧပြီလ ၄ရက်နေ့ မနက်ပိုင်းကစတင်ပြီး အကြမ်းဖက်စစ်အုပ်စုက အင်အား ၂၀၀ကျော် ၊ လက်နက်အင်အားအများအပြားနဲ့ ရိက္ခာတွေက သယ်ယူကာ နမ်ဆန်ယန်ကျေးရွာအနီးကို ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
“သူတို့က(စစ်ကောင်စီ) အဲ့အနီး တစ်ဝိုက်မှာရှိတဲ့ တပ်တွေကို ရိက္ခာတွေပို့ဖို့ရောက်လာတယ်လို့ သိထားပါတယ်။ အင်အား ၂၀၀ လောက်ရှိတယ်လို့ ကြားတာပေါ့။ လက်နက်ကတော့ အပြည့်အစုံနဲ့ပေါ့။ လက်နက်ကြီးတွေ ပါမပါတော့ မကြားမိပါဘူး။ တစ်ခုရှိတာကတော့ သူတို့ရှိနေတဲ့နေရာကနေ ကေအိုင်အိုတို့ရှိတဲ့ နေရာဘက်ကို ဆက်တိုးလာလို့ချင်ရင် တိုက်ပွဲဖြစ်လာနိုင်မှာပါ။ ကျွန်တော်တို့အနေနဲ့ မဟာဗျူဟာပိုင်းပြောပြလို့မရပေမယ့် ရန်သူလာရင်ပစ်မှာပဲ”လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Mediaမှာ ဖြေကြားထားပါတယ်။
နမ်ဆန်ယန်ကျေးရွာဟာ မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်မှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီး လိုင်ဇာမြို့အနီးမှာ တည်ရှိကာ ၂၀၁၂ခုနှစ်မှာ အကြမ်းဖက်စစ်အုပ်စုက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတစ်ခု ဖြစ်ပါတယ်။
စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်လာမှုအပေါ် KIAကလည်း ခုခံစစ်အတွက် ပြန်လည်ပြင်ဆင်နေပြီး တိုက်ပွဲတွေ ဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
Source- The 74 Media