မြောက်ဥက္ကလာပမှာ မီးလောင်မှုဖြစ်လို့ လူနေအိမ်ဆယ်လုံးထက်မနည်းပျက်ဆီး

ဒီကနေ့ မနက်ပိုင်းက ​ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူနေအိမ်ဆယ်လုံးထက်မနည်း မီးလောင်ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ ဧပြီ ၅ရက် မနက် ၉နာရီကျော်လောက်က မြောက်ဥက္ကလာပမြို့နယ်၊ (၂)ရပ်ကွက်၊ သုမာလာ ၁၄လမ်းမှာ မီးလောင်မှုဖြစ်ခဲ့တာပါ။ လူနေအိမ်စိပ်တဲ့ ရပ်ကွက်ဖြစ်တာကြောင့် လောင်ကျွမ်းချိန် ဆယ်မိနစ်ကျော်အတွင်း လူနေအိမ် ဆယ်လုံးထက်မနည်း မီးလောင်ပျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
“လူနေအိမ်စိပ်တာရယ်။ ရာသီဥတုက ခြောက်သွေ့ပူပြင်းနေတာရယ်ပေါ့။ အိမ်တွေကလည်း ပျဥ်ထောင်အိမ်လေးတွေ များတယ်လေ။ အိမ်ဆယ်လုံးလောက်တော့ မီးထဲပါသွားတယ်။” လို့ (၂)ရပ်ကွက်မှာ နေထိုင်သူတစ်ဦး ပြောပါတယ်။
ဒီမီးလောင်မှုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က Level 2 အဆင့် မီးလောင်မှု အဖြစ်သတ်မှတ်ခဲ့ပြီး မနက် ၉နာရီ ၇မိနစ်ကနေ ၉နာရီ ၂၀မိနစ်ထိ ၁၃မိနစ်ခန့် မီးလောင်ကျွမ်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် မီးလောင်မှု စတင်ဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
ဓာတ်ပုံ – မီးသတ်ဦးစီးဌာန