Photo – Aung Myo Min Facebook
ရိုဟင်ဂျာတွေရဲ့ အမှန်တရားအတွက် ရပ်တည်လုပ်ဆောင်သွားမယ်လို့ NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်မှာရှိတဲ့ လူမျိုးတုံးသတ်ဖြတ်ခံရမှု အမှတ်တရ Holocaust ပြတိုက်ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်အဖွဲ့လာရောက်လေ့လာစဉ် VOA သတင်းဌာနရဲ့ မေးမြန်းမှုကို သူက အဲဒီလိုဖြေကြားခဲ့တာပါ။
NUG အစိုးရကိုယ်စားလှယ်အဖွဲ့ လူမျိုးတုံး သတ်ဖြတ်ခံရမှု အမှတ်တရ ပြတိုက်ထဲရောက်ရှိနေစဉ် ပြတိုက် တာဝန်ရှိသူက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံး သတ်ဖြတ် နှိပ်စက်မောင်းထုတ်နေတဲ့အကြောင်း ဓာတ်ပုံတွေနဲ့ ရုပ်ရှင်တွေ ပြသပေးခဲ့ပါတယ်။
အဲဒီနောက် VOA က ဦးအောင်မျိုးမင်းကို ဘယ်လိုခံစားချက်တွေဖြစ်ပေါ်သလဲလို့ မေးမြန်းရာမှာ သူက အဲဒီလိုပြောကြားခဲ့ပါတယ်။
‘ဒီလိုမျိုး ရိုဟင်ဂျာတွေကို ဖြစ်ပျက်ခဲ့တာတွေက အခုမှ ဖြစ်ပျက်ခဲ့တာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ ၁၉၆၂ ကနေစပြီးတော့ တဖြည်းဖြည်း အရှိန်မြင့်လာတဲ့ ပုံစံမျိုးတွေ ဒီစစ်တပ်က ရိုဟင်ဂျာတွေပေါ်မှာ တကယ်ကို လူအမြောက်အမြားအပေါ် ကျူးလွန်ထားတာကို သူတို့တင်ပြထားတာတွေ့တယ်။ လူ့အခွင့်အရေးအရ ရိုဟင်ဂျာတွေအပေါ်မှာ ရာဇဝတ်မှု ဖြစ်တယ်ဆိုတာကို ကျနော်တို့က ယုံကြည်ပြီးသား။ ကျနော်တို့ကိုယ်တိုင်ကလည်း အမှန်တရားရဖို့ တောင်းဆိုခဲ့တာလည်းရှိတယ်။ လုပ်လည်းလုပ်မယ်ဆိုတဲ့ ကတိတွေလည်း ပေးထားတယ်’ လို့ သူကပြောပါတယ်။
NUG နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးကလည်း ရိုဟင်ဂျာတွေ ကျူးလွန်ခံရတဲ့ ရာဇဝတ်မှုတွေကို တရားမျှတမှုကိုရအောင် လုပ်ရမယ်လို့ ဆိုပါတယ်။
‘ အဲဒီလိုမျိုး အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေတဲ့ တာဝန်ရှိတဲ့သူတွေကို တရားမျှတမှုနဲ့အညီ အရေးယူနိုင်အောင် ကျွန်တော်တို့က ကြိုးစားရမယ်။ ကျွန်တော်တို့ တိုင်းပြည်အနာဂတ်အတွက် အင်မတန် အရေးကြီးပါတယ်။ အနာဂတ်မှာ ဒီလိုအဖြစ်ဆိုးတွေ ထပ်မဖြစ်အောင် တားဆီးရာလည်း ရောက်မှာဖြစ်တဲ့အတွက်ကြောင့် အင်မတန်အရေးကြီးတယ်လို့ ကျွန်တော်ယူဆပါတယ်’ လို့ သူ ကပြောပါတယ်။
ပြတိုက် လာရောက်လေ့လာကြတဲ့သူတွေက လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ လူ့အခွင်အရေးအကြံပေး ဦးအောင်ကျော်မိုး၊ ဒေါ်ခင်လေးနဲ့ အာဆီယံဆိုင်ရာ NUG သံတမန် ဦးဘိုလှတင့်တို့ ဖြစ်ပါတယ်။