ကော့ကရိတ် – မြဝတီ အာရှလမ်းပိုင်း၊ဆိပ်ဖူးတောင်ကြောမှာ ကား ၃ စီး မီးရှို့ခံရတယ်လို့ သိရပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ KNLA ပူးပေါင်း တပ်တို့ တိုက်ပွဲ ဖြစ်နေချိန် ခရီးသည်တင်မှန်လုံအမြန်ယာဉ်တစ်စီး အပါအဝင် ကား၃စီး မီးရှို့ခံရကြောင်း DNA ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့က မီးရှို့သလဲဆိုတာကို တော့မသိရသေးပါဘူး။
“အဲဒီမီးလောင်သတင်းကြားပြီးတော့ ကားတွေ အသွားအလာရပ်ကုန်တယ်။ KNU က ကြေညာပြီး သား၊လမ်းကြောင်းပိတ်ထားတယ်ဆိုတာကို”လို့ ကော့ကရိတ်မြို့ပေါ်နေပြည်သူတစ်ဦးကပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ကော့ကရိတ်မြို့အခြေစိုက် ခလရ ၉၇ တပ် ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံ ကြားနေရတယ် လို့ သူကပြောပါတယ်။
မြဝတီ ကော့ကရိတ် အာရှလမ်းသစ်မှာ ဒီကနေ့ တိုက်ပွဲဖြစ်ပြီး ကားမီးရှို့ ဖြစ်စဉ်တွေကြောင့် မြဝတီ ဒေသခံတွေဟာ အရင်က မှောင်ခိုလမ်းကြောင်း ကားလမ်းဟောင်းဖြစ်တဲ့ ထီလုံ-ထို့ကော်ကိုး- မဲ့ပလဲ့ တောင်ပတ်ကားလမ်းကြောင်းကို ပြောင်းလဲအသုံးပြုသွားလာနေကြကြောင်း မြဝတီ ကားသေးလိုင်း ယာဉ်မောင်းတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး KIC ကဖော်ပြပါတယ်။
မြဝတီ-ကော့ကရိတ်အာရှလမ်း ဘေလီတံတားအနီးမှာ မတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက မြဝတီဘက်က ဆင်းလာတဲ့ ပရိုဘောက်ယာဉ် တစ်စီး ပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။
မတ်လ ၂၇ ရက်နေ့ကစပြီး ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်းရှိ ကော့က ရိတ်-မြဝတီ လမ်းမကြီးနဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးကို အသုံးမပြုကြဖို့ KNU က ထုတ်ပြန်ထားပါတယ်။