စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၂၂ ဖွဲ့ ပူးပေါင်းပြီး စစ်အုပ်စုကို တိုက်ခိုက်

ဧပြီလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ အကြမ်းဖက် စစ်အုပ်စုက စစ်ကိုင်းတိုင်း ရေစကြိုမြိုနယ်၊ ရေလယ်ကျွန်း ဒေသက ရွှေလှံ၊ မီးလောင်ကျွန်း၊ဖြုံဘူးနဲ့ ဇရပ်နီ ကျေးရွာတွေနဲ့ မြောင်မြို့နယ်ထဲက မြစ်ဆုံ၊ မင်းလှ ကျေးရွာတွေမှာ စစ်ကြောင်းတွေစွဲပြီး ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ၊ ‌လူနေအိမ်တွေကို မီးရှို့ဖျက်စီးတာနဲ့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်တဲ့ ပစ်မှုတွေကိုကျူးလွန်ခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီ ၂ ရက်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က အထိနာခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့လည်း သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဧပြီလ ၂ ရက်နေ့ တိုက်ပွဲမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်း၊ ရှော့တိုက်ဒုန်းတွေနဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့အတွက် စစ်အုပ်စုဘက်ကနေ ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
ဧပြီလ ၃ ရက်နေ့မှာတော့ ပြည်သူကာကွယ်ရေး တပ်ဖွဲ့တွေက စစ်အုပ်စုကို ဒရုန်းနဲ့ အီနာကာ ဗုံးသီးချ တိုက်ခိုက်ခဲ့တဲ့အပြင်၊ စစ်အုပ်စု စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာနဲ့ ရှော့တိုက်ဒုန်း ပစ်ခတ်တိုက်တာတွေကို ပြုလုပ်ခဲ့လို့ စစ်အုပ်စုဘက်က ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။