သုံးခွမြို့ပေါ် အချိန်အခါမဟုတ် ရေပက်ကစားနေတဲ့ အထည်ချုပ်ကားကို T.Y.F သတိပေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့ပေါ်မှာ အချိန်အခါမဟုတ် ရေပက်ကစားနေတဲ့ အထည်ချုပ် ဖယ်ရီကားတွေကို မြို့ပြ PDF တပ်ဖွဲThongwa Youth Force (T.Y.F) က သတိပေးလိုက်ပါတယ်။
သုံးခွအထည်ချုပ် ဝန်ထမ်းတွေဟာ အလုပ်ဆင်းလို့ အိမ်ပြန်လာချိန်မှာ သုံးခွမြို့ပေါ် ရေပက်ကစားခြင်းကြောင့် လမ်း သွားလမ်းလာတွေ စိတ်အနှောက်အယှက် ဖြစ်မိတယ်လို့ T.Y.F အနေနဲ့ တိုင်ကြားစာရရှိထားကြောင်း အဲဒီအပြုအမူ ဟာ စစ်အုပ်စုပြုလုပ်ဖို့ ကြိုးစားနေတဲ့ အတုအယောင်သင်္ကြန်ကို ပူးပေါင်းပါဝင်မှု မြောက်တယ်ဆိုတာ သတိမူသင့်ကြောင်း T.Y.F က ထုတ်ပြန်ပါတယ်။
သုံးခွမြို့ အထည်ချုပ်ဝန်ထမ်းတွေဟာ နှစ်စဉ်သင်္ကြန်နားနီးအချိန်တိုင်း ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူတို့ချင်းရေပက်လေ့ရှိတယ်လို့ သုံးခွမြို့ အောင်ဇေယျလမ်းနေ ပြည်သူတစ်ဦးကပြောပါတယ်။
‘အိမ်ပြန်ချိန်ပေါ့။ ဖယ်ရီကားပေါ်က တစ်ယောက်ယောက်ဆင်းတဲ့အချိန် ကားပေါ်ကနေ ရေပက်တာတို့လုပ်တာ။ သူတို့ချင်း ရေပက်တယ်ဆိုပေမဲ့ ပတ်ဝန်းကျင်က ဖြတ်သွားဖြတ်လာလူတွေကို ရေတွေပက်မိတာမျိုးဆိုတော့ အနှောက်အယှက်ဖြစ်တာပေါ့။ ဒါပေမဲ့ အထည်ချုပ်သမတွေကတော့ သူများရေစိုလည်း တောင်းပန်ရကောင်းမှန်းမသိ၊ခပ်တည်တည်ပဲ သူတို့လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ အပေါက်မျိုး။ ပိုဆိုးတာက အခုလိုအချိန် စစ်ခွေးတွေလုပ်မယ့် သင်္ကြန်ကို တစ်နိုင်ငံလုံးက ဆန့်ကျင်နေတဲ့ အချိန်မှာ သူတို့က အလိုက်မသိ ဂရုမစိုက်တဲ့ အပေါက်မျိုးလုပ်နေတာ’ လို့ သူကပြောပါတယ်။
တိုင်းပြည်ငိုနေတဲ့ အချိန်မှာ လူမိုက်တွေသာ ပျော်မှာဖြစ်ပြီးအဲဒီလူမိုက်တွေကို လုပ်သင့်လုပ်ထိုက်တာလုပ်ဖို့ ရှောင်ကြဉ်နေမှာ မဟုတ်ကြောင်း T.Y.F က သတိပေးပါတယ်။