မုံရွာထောင်တွင်း အကြမ်းဖက်ခံရမှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ၅ နေရာမှာ ဖောက်ခွဲမီးရှို့

Photo- Chindwin Post
စစ်ကိုင်းတိုင်း၊ မုံရွာထောင်တွင်း အကြမ်းဖက်ပစ်ခတ်ခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ မုံရွာမြို့ ၅ နေရာမှာ ဖောက်ခွဲမီးရှို့ခဲ့တယ်လို့ ဒဿမုံရွာ PDF က ထုတ်ပြန်ပါတယ်။
မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ မဂ္ဂင်လမ်းနဲ့ ဂေါ်သဇင်လမ်းပေါ်မှာ တစ်လုံး၊ ကန်သာယာတောင်ဘက်က ဟိုတယ်အမှိုက်ကန်ကိုမီးရှို့ခြင်း၊ ဂေါက်ကွင်းမြောက်ဘက်မှာ နှစ်လုံးဖောက်ခွဲခြင်း၊ ဘိုးဘွားရိပ်သာ အဝိုင်းပတ် တာယာကွင်းတွေ မီးရှို့ခြင်း၊ နတ်လူထိပ်ပန်မှာ ၂ လုံးဖောက်ခွဲခြင်းတို့နဲ့ လက်တုံ့ပြန်ခဲ့ကြောင်း ဒဿမုံရွာ PDF က ဆိုပါတယ်။
အဲဒီဖောက်ခွဲမီးရှို့မှုတွေကို မဟာမိတ် ၄ ဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
မုံရွာထောင်ထဲမှာ ယမန်နေ့ ညနေပိုင်း ၅ နာရီခွဲလောက်ကစပြီး ‘တို့ပြည်သူတွေ ညီရဲ့လားဟေ့’ ဆိုတဲ့ အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ထွက်ပေါ်လာပြီးနောက် သေနတ်ပစ်သံတွေ ကြားရကာ အကျဉ်းသားတစ်ဦးသေပြီး ၅ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
‘မုံရွာထောင်က ကျဉ်းကျဉ်းလေးပါ။ ထောင်ဗူးဝအပေါ်နဲ့ ထောင်ကျဆောင်နဲ့ဆို ကပ်လျက်ပဲဆိုတော့ ဗူးပေါ်ကနေပစ်ရင် အနီးကပ်ဆိုတော့ လူသေနိုင်ပါတယ်။ ပြီးတော့ အုတ်ရိုးပေါ်က ကင်းတဲတွေကနေဆိုလည်း အဆောင်တွေနဲ့ သိပ်မဝေးဘူး’ လို့ မုံရွာထောင်မှာနေခဲ့တဲ့ ရန်ကုန်မြို့နေ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက ပြောပါတယ်။
မုံရွာထောင်ထဲ သေနတ်သံတွေ ထွက်ပေါ်ခဲ့ပြီး မကြာမီ မုံရွာအခြေစိုက် ပြောက်ကျားတပ်ဖွဲ့တွေရဲ့ လက်တုံ့ပြန် ဖောက်ခွဲပစ်ခတ်သံတွေကို ဆက်တိုက်ဆိုသလို ကြားခဲ့ရကြောင်း မုံရွာမြို့၊ ထန်းတောရပ်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
‘၉နာရီလောက်အထိ တအုံးအုံးနဲ့ ကြားခဲ့ရတယ်။ အခုဒီနေ့မနက် ၉ နာရီကျော်လောက်အထိကတော့ ငြိမ်နေတုန်းပဲ’ လို့ သူကပြောပါတယ်။