မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရေလယ်ကျွန်း ဒေသကို အကြမ်းဖက်စစ်တပ်က ထိုးစစ်ဆင်နေတာကြောင့် စစ်ရှောင်ပြည်သူ နှစ်သောင်းကျော်ရှိသွားပြီလို့ YSO News & Information က ထုတ်ပြန်ပါတယ်။
အဲဒီစာရင်းဟာ YSO News & Information က ဒီနေ့မနက် ၁ နာရီကျော်မှာ ထုတ်ပြန်တဲ့ စာရင်းဖြစ်ပြီး အကြမ်းဖက်စစ်သားတွေဟာ ရေလယ်ကျွန်းဒေသမှာ ဆက်လက်ရှိနေတာကြောင့် စစ်ရှောင်ပြည်သူ၊ မီးရှို့ခံရတဲ့ ပြည်သူတွေရဲ့နေအိမ်နဲ့ အသတ်ခံရတဲ့ ပြည်သူတွေရဲ့ စာရင်းထပ်မံတိုးပွားလာနိုင်ခြေရှိတယ်လို့ ရေစကြိုမြို့၊ ၅ ရပ်ကွက်နေ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
‘ဧပြီ ၂ ရက်နေ့က စဝင်လာတယ်။ အိမ်တွေထဲ ဝင်လုတယ်။မီးရှို့တယ်။ ဖမ်းတယ်။ သတ်တယ်။ အခု ဒီနေ့မနက်လင်းတဲ့အချိန်ထိ ရေလယ်ကျွန်းမှာ ဆက်ရှိနေတုန်းပဲဆိုတော့ ဒီနေ့လည်း ထပ်ဒုက္ခပေးနိုင်ခြေရှိတယ်’ လို့ သူက အခုမနက် ၈ နာရီလောက်မှာ ပြောပါတယ်။
ဧပြီ ၃ ရက်နေ့ ညနေပိုင်းအချိန် YSO News & Information ရဲ့ ခန့်မှန်းချက်အရ ရေလယ်ကျွန်းဒေသမှာ ၂ ရက်တာအတွင်း အိမ်အလုံး ၁၀၀ ကျော်ကို အကြမ်းဖက်စစ်တပ် မီးရှို့ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း တစ်သောင်း ဝန်းကျင်ရှိတယ်လို့ ဆိုပေမဲ့ ည ၇ နာရီခွဲကျော် ထုတ်ပြန်ချက်မှာတော့ မီးရှို့ခံရတဲ့ အိမ်အတိကျနဲ့ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကို အတိကျ မသိရှိရသေးဘူးလို့ YSO News & Information က ဆက်လက်ထုတ်ပြန်ပါတယ်။
‘အချိန်တိုင်းမှာ မီးလောင်ခံရတဲ့ သတင်းတွေ ဆက်ကြားနေရတယ်။ မြေပြင်ကို ကိုယ်တိုင်သွားရောက်ဖို့လည်း ခက်နေတယ်။ ရေလယ်ကျွန်းတစ်ခုလုံးက ဝရုန်းသုန်းကား ပြေးလွှားနေရတာဆိုတော့ အချက်အလက်တွေက စစ်ခွေးတွေ မပြန်မချင်း မငြိမ်လောက်ဘူး’ လို့ တက်ကြွလူငယ်က ဆက်ပြောပါတယ်။
ပုံစာ – ဧပြီ ၂ ရက်နေ့က မီးလောင်ကျွန်းရွာ မီးရှို့ခံနေရပုံ