ရွှေပြည်သာက CDM ကျောင်းဆရာမကို စစ်အုပ်စုတွေ ဖမ်းဆီ

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ CDM ကျောင်းဆရာမ ဒေါ်သက်မှူးခင်ကို စစ်အုပ်စုတွေ ဖမ်းဆီးထားတယ်လို့ ဒေသခံ သတင်းကွန်ယက်တွေဆီက သိရပါတယ်။
မတ်လ ၃၀ ရက်နေ့ ညပိုင်းမှာ ရွှေပြည်သာမြို့နယ် ထ/၁၆ ရပ်ကွက်၊ ဂျိုကာ မှတ်တိုင်အနီး နေထိုင်တဲ့ CDM ကျောင်းဆရာ မသက်မှူးခင်ကို အာဏာသိမ်း စစ်အုပ်စုတွေ ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံ သတင်းကွန်ယက်Shwe Pyithar Information စာမျက်နှာက ဖော်ပြပါတယ်.
ဖမ်းဆီးရတဲ့ အကြောင်းရင်းက အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်တဲ့စာတွေ ရေးသားပြီး လူမှုကွန်ယက်ပေါ် ပိုစ့်တင်ထားတာကို ဒလန်များ သိရှိသတင်းပေးလိုက်တာကြောင့် လိပ်စာအတိအကျနဲ့ လာရောက်ဖမ်းဆီးတာကို ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေါ်သက်မှူးခင်ဖမ်းဆီးခံရပြီးနောက် သူရဲ့ ချစ်သူ ဦးမင်းဇော်ဦးဆိုသူကိုပါ ထပ်မံဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဒေါ်သက်မှူးခင်ရဲ့ ဖုန်းက Contacts တွေကို စစ်အုပ်စုတွေက ဆက်သွယ်ပြီး ထောင်ချောက်ဆင် ဖမ်းဆီးတာတွေ လုပ်နိုင်တာကြောင့် အဆက်အသွယ်ရှိသူတွေ ရှောင်တိမ်းနေထိုင်သင့်တယ်လို့လည်း Shwe Pyithar Information က သတိပေးထားတာကို တွေ့ရပါတယ်။