ရေလယ်ကျွန်းမှာအိမ်အလုံး ၁၀၀ ကျော်မီးရှို့ခံရ၊ ကျပ်သိန်းတစ်သောင်းဝန်းကျင် ဆုံးရှုံး

မကွေးတိုင်း၊ ရေစကြို၊ ရေလယ်ကျွန်းဒေသမှာ၂ရက်တာအတွင်း အိမ်အလုံး၁၀၀ကျော်ကိုအကြမ်းဖက်စစ်တပ် မီးရှို့ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း တစ်သောင်း ဝန်းကျင်ရှိတယ်လို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဧပြီ၂ရက်နေ့က ရေလယ်ကျွန်းဒေသကို စစ်အင်အား၁၀၀ကျော်နဲ့ စစ်ကြောင်း၃ ကြောင်းခွဲဝင်ရောက်ခဲ့ပြီး မီးလောင်ကျွန်း၊မိဖုရား၊လှေခုတ်၊ဖြုံဘူး၊တောင်ကုန်း၊ဖုတ်ကုန်းနဲ့ ဘုန်းတော်ပြည့် ကျေးရွာက ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးရုံတင်မက မသန်မစွမ်းသူ ဦးမြင့်အပါအ၀င် ပြည်သူ (၂)ဦးကိုလည်း သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ကြောင်း YSO News&Information ကဒီကနေ့ ထုတ်ပြန်ပါတယ်။
ရေလယ်ကျွန်းဒေသရှိ ဖြုံဘူး ကျေးရွာတစ်ရွာတည်းနဲ့တင် အိမ်အလုံး (၇၀)ကျော် မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ပြည်သူတွေရဲ့နေအိမ်ကို ဆက်လက်မီးရှို့နေဆဲဖြစ်တယ်လို့ YSO News & Information ကဆိုပါတယ်။
ရေစကြိုမြို့၊၅ရပ်ကွက်နေ တက်ကြွလူငယ်တစ်ဦးက ‘အခုထိရေလယ်ကျွန်းမှာ စစ်ခွေးတွေရှိနေတုန်းပဲ။ တော်ရုံနဲ့ မပြန်သေးဘူးလို့ထင်တယ်။’လို့ သူကပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ရေလယ်ကျွန်းဒေသအတွင်းဆက်လက်အင်အားဖြည့်နေသလို သူဌေးကုန်း ကျွန်းပေါ်မှာလည်း စစ်သားအင်အား ၅၀ လောက်ရှိနေပြီး ရေစကြိုဘက်မှာလည်း အင်အားဖြည့်နေတယ်လို့ YSO News & Information ကထုတ်ပြန်ပါတယ်။