မန္တလေးကျုံးပတ်လည် ဖြတ်သန်းခွင့်မပြုရမယ့် အချိန်ကို ထုတ်ပြန်

မန္တလေးမြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ ကျုံးပတ်ပတ်လည်လမ်းပိုင်းတွေကို ဧပြီ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုလုပ်ကြဖို့ Mandalay Ranger Force က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
မန္တလေးမြို့ ကျုံးပတ်ပတ်လည် လမ်းပိုင်းတွေဖြစ်တဲ့ ၁၂ လမ်း၊ လမ်း ၈၀၊၂၆ လမ်းနဲ့ ၆၆ လမ်းတို့ကို ဧပြီ ၄ ရက် နဲ့ ၅ ရက်နေ့တို့မှာ မနက် ၅ နာရီကနေ ၈ နာရီအတွင်း ဖြတ်သန်းသွာလာခြင်း လုံးဝမပြုလုပ်ကြဖို့ ပြည်သူတွေကို အသိပေးကြောင်း Mandalay Ranger Force က ဆိုပါတယ်။
‘မန္တလေးမြို့ရဲ့ ရဲရင့်တဲ့ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်တာပါ။ သူတို့ဖေ့စ်ဘွတ်ခ်ကို လှန်လိုက်ရင် သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပိုမြင်ရမှာပါ။ ဆိုလိုတာက အလကား ဘာမှမဟုတ်ဘဲနဲ့ လျှောက်ထုတ်ပြန်တာ မဟုတ်ဘူး ဆိုတာပါပဲ’ လို့ မန္တလေးတက္ကသိုလ် အနီးမှာနေတဲ့ တက်ကြွလူငယ်တစ်ဦးက မှတ်ချက်ပေးပါတယ်။
ထုတ်ပြန်ချက်ကို မလိုက်နာဘဲ သတ်မှတ်ကန့်သတ်ချိန်အတွင်း ဖြတ်သန်းသွားလာပြီး ထိခိုက်မှုရှိလာပါက တာဝန်ယူမှာမဟုတ်ဘူးလို့လည်း Mandalay Ranger Force ကထုတ်ပြန်ထားပါတယ်။