မတရားဖိနှိပ် အနိုင်ကျင့်မှုတွေကြောင့် စစ်တပ်တွင်းလှိုက်စားပြိုကွဲနေပြီလို့ NUG ထုတ်ပြန်

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖိနှိပ် အနိုင်ကျင့်မှုတွေကြောင့် စစ်တပ်တွင်းလှိုက်စား ပြိုကွဲနေကြသလို အားလုံးရဲ့ ပူးပေါင်းမှုတွေကလည်း အရှိုက်ထိစေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
တော်လှန်ရေးက အရှိန်ရလာတာနဲ့အမျှ အစစအရာရာကိုစွန့်လွှတ်ပြီး တရားတဲ့ဘက် ရပ်တည်ခိုဝင်လာကြတဲ့ ပြည်သူ့စစ်သားကောင်းတွေရဲ့ အင်အားဟာ အရေးအကြီးဆုံးအင်အားတစ်ရပ် ဖြစ်လာကြောင်း လူတစ်စု အာဏာတည်မြဲဖို့အတွက် စစ်အုပ်စုရဲ့ အသုံးချခံအနေနဲ့ ဆက်လက်မရပ်နိုင်တော့တဲ့ ပြည်သူ့စစ်သားကောင်းတွေက မိမိတတ်သိကျွမ်းကျင်ထားတဲ့ ဉာဏ်ပညာ ၊ ရဲရင့်မှုတွေကို မှန်ကန်တဲ့ ပြည်သူ့ဘက်ရပ်တည်ပြီး တော်လှန်ရေးအတွက် နိုင်ရာဝန်ကို ထမ်းပိုးဆောင်ရွက်နေကြကြောင်းလည်း ထုတ်ပြန်ချက်မှ ာဖော်ပြထားပါတယ်။
မတရားမှုတွေကို တွန်းလှန်နိုင်ဖို့ အချိန်ကောင်းအခါကောင်းဖြစ်တဲ့အတွက် ပြည်သူ့ဘက်မှာ ရပ်တည်ပူးပေါင်းပြီး အမှန်တရားအတွက် တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းကြောင်းလည်း ဆိုပါတယ်။
နည်းပညာ တိုးတက်မှုအရရော၊ ပြည်သူတွေရဲ့ တော်လှန်ရေးစိတ် ပြင်းပြမှုကြောင့်ရော ပြည်သူ့ရင်ခွင် ခိုလှုံသူ အရေအတွက်ဟာ ၁၉၈၈ တုန်းကထက် အများကြီး များလာတယ်လို့ ပြည်သူ့ရင်ခွင်က ထုတ်ပြန်ပါတယ်။
အောက်ခြေစစ်သားမရှိရင် ရပ်တည်လို့မရတဲ့ အာဏာရှင်တွေဟာ တပ်ထဲကထွက်ကြတာကို အကြီးအကျယ် ခြောက်ခြားပြီး ဝါဒဖြန့်ကန့်သတ်နေကြကြောင်း ဉာဏ်ပြေးသူတွေကတော့ အပြီးထွက်မရသေးတာတောင် တပ်တွင်း CDM လုပ်ပြီး အရေးကြီးသတင်းတွေ မှန်မှန်လာပေးနေကြကြောင်း မထင်မှတ်ထားလောက်တဲ့ ရာထူးအဆင့်တွေကပါ အရေးကြီးသတင်းပေးပို့နေကြောင်း ပြည်သူ့ရင်ခွင်က ထုတ်ပြန်ထားပါတယ်။