ရေစကြို၊ ရေလယ်ကျွန်းကို အကြမ်းဖက်စစ်အင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို ဒီနေ့မနက်ပိုင်းမှာ အကြမ်းဖက်စစ်သားအင်အား ၁၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
ဒီနေ့ မနက်ပိုင်း ၇ နာရီ အချိန်လောက်ကစပြီး နွယ်နီကျွန်းကနေတစ်ဆင့် ရေလယ်ကျွန်းဒေသကို စစ်သား ၅၀ လောက်နဲ့ ထိုးစစ်ဆင်လာပြီး ရေစကြိုပေါက်တော့ကြီး ဇက်ဆိပ်ကနေလည်း အင်အား ၅၀ လောက် ကူးလာကြောင်း YSO News & Information က ထုတ်ပြန်ပါတယ်။
ရေလယ်ကျွန်းဒေသကို အကြမ်းဖက်သောင်းကျန်းဖို့ တောင်ကနေ တစ်ဖွဲ့၊ မြောက်ကနေ တစ်ဖွဲ့ ထိုးစစ်ဆင်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။
‘နောက်ဆုံးသတင်းကိုတော့ မကြားရသေးဘူး။ စစ်ခွေးတွေက ရေလယ်ကျွန်းကို မဲနေတာ’ လို့ ရေစကြိုမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်နဲ့ ပတ်သက်တဲ့ သတင်းတွေကို page chat box ကနေပေးပို့တာနဲ့ တော်လှန်ရေးအတွက် တစ်ဒေါင့်တစ်နေရာကနေ ပါ၀င်ပေးကြဖို့လည်း YSO News & Information က မေတ္တာရပ်ခံထားပါတယ်။