သူ့ထက်ကဲတဲ့ အာဏာရှင်တွေ

ဖဆပလခေတ်တုန်းက ပုဒ်မ၅ ဆိုတာသိပ်နာမည်ကြီးတယ်။နိုင်ငံရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးလိုပြီဆို ပုဒ်မ၅ လို့ ခေါင်းစဉ်တပ်တာမို့ ပုဒ်မ၅တွေ အောတိုက်ဖောင်းပွလွန်းလှတယ်။ကျနော်တိုဲ့ဒီဘက်ခေတ် ဒုတိယ အာဏာရှင်သန်းရွှေလက်ထက်တုန်းက ပုဒ်မ၅(ည)တွေ ပေါချင်းသောချင်းဖြစ်ခဲ့သလိုမျိုး ထင်ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ်၊ထိုက်သင့်တဲ့ဒီမိုကရေစီရှိတယ်၊ရွေးကောက်ခံအစိုးရရှိတယ်၊လွှတ်တော်ရှိတယ်။ရေး ချင်ရာရေးခွင့်ရှိတဲ့ မီဒီယာရှိတယ်ဆိုတော့ ပုဒ်မ၅တွေ သိပ်ပေါပေမဲ့ ဥပဒေကြောင်းအတိုင်း သူ့လုပ်ငန်းစဉ်နဲ့ သူရှိပြီးသားဖြစ်တယ်။ဆိုလိုတာက လူတစ်ယောက်ကို ဥပဒေအရ ပုဒ်မတစ်ခုခုတပ်ဖမ်းရပြီး ဥပဒေနဲ့အညီတ ရားစီရင်မှုဆိုတာရှိတယ်။ပြီးတော့ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို B Class ဆိုတဲ့အခွင့်အရေးပေး ထား တယ်။

ဒီမိုကရေစီအမှောင်ကျခဲ့တဲ့ ပထမအာဏာရှင်နေဝင်းလက်ထက်ရောက်တော့ ထောင်တင်မက ကျွန်း ဆိုတာကြီးပါ ပေါ်လာတယ်။အဲဒီခေတ် ကိုကိုးကျွန်းဆိုတာနာမည်ကျော်၊အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား တွေကို ရေပတ်လည်ဝိုင်းနေတဲ့ကျွန်းပေါ်ပစ်တင်လိုက်ခြင်းနဲ့ အာဏာရှင်ကြီးရဲ့ အစွယ်ကိုထုတ်ပြလိုက်ခြင်း ဖြစ်တယ်။

အာဏာသိမ်းပြီးတာမှဘာမှမကြာသေးဘူး။ရန်ကုန်တက္ကသိုလ်ထဲက သမိုင်းဝင်ကျောင်းသား သမဂ္ဂအဆောက်အဉီကို မိုင်းခွဲဖျက်ဆီး၊သမဂ္ဂအဆောက်အဦထဲ အရှင်လတ်လတ် မိုင်းထိကျဆုံးသွားတဲ့ တက္ကသိုလ်ကျောင်းသားတွေ ရှိခဲ့တယ်။သမဂ္ဂအဆောက်အဦကြီးနဲ့အတူ ကျောင်းသားဦးရေ ဘယ်လောက်ထိ ကျဆုံးခဲ့သလဲဆိုတာ စာရင်းအတိအကျမသိရပေမဲ့ ကျောင်းသားသိပ်အများကြီးတော့ ရှိဟန်မတူ။ဘာပဲဖြစ် ဖြစ် အဲဒီလို ဖြစ်ရပ်ဆိုးကြီးဟာ ဖဆပလခေတ်တုန်းက လုံးဝမရှိခဲ့တာမို့ အာဏာရှင်ဆိုတာဒါလားလို့ ပြည်သူ တွေသိခဲ့ကြရတယ်။

အာဏာရှင်ဆိုတာကရှင်းတယ်။သူ့ကိုဆန့်ကျင်သူမှန်သမျှကို အပြင်းထန်ဆုံးနည်းတွေနဲ့ ဖိနှိပ်လေ့ရှိ တယ်။နေဝင်းလက်ထက် အပြင်းထန်ဆုံးဖိနှိပ်နည်းတစ်ခုက ဘယ်နေ့လွတ်မယ်မှန်းမသိတဲ့ ထောင်သွင်း အကျဉ်းချခြင်းဖြစ်တယ်။သာမန်ရာဇဝတ်အကျဉ်းသားတွေက တရားရင်ဆိုင်ခွင့်ရှိတယ်၊တရားစီရင်ချက်ပြစ် ဒဏ်အတိုင်း ထောင်ဘယ်နှနှစ်ကျတယ်ဆိုတာရှိပြီး ထောင်တွင်းသတ်မှတ်စည်းကမ်းနဲ့အညီနေထိုင်တဲ့အ ကျဉ်းသားတိုင်းရဲ့ရပိုင်ခွင့် လျှော့ရက်ခံစားခွင့်ဆိုတာရှိတယ်။ပြီးတော့ မိသားစုဝင်တွေက ထောင်ဝင်စာလာ တွေ့ပိုင်ခွင့်လည်းရှိတယ်။

နိုင်ငံရေးထိန်းသိမ်းခံတွေကျတော့ ဘာဆိုဘာမှမမြင်ရတဲ့ အမှောင်ခန်းထဲ ပစ်ထည့်လိုက်သလိုမျိုး အ နာဂတ်ဆိုတာကို အတွေးနဲ့ ဆက်စပ်လို့မရအောင် လိမ်ချိုးပစ်ခဲ့တယ်။ထိန်းသိမ်းခံတို့အတွက် ဘာအမှု ဘာ ပုဒ်မ လဲဆိုတာမရှိ၊တရားစီရင်မှုမရှိ၊ဘယ်နေ့လွတ်မယ်ဆိုတာမရှိ၊မိသားစုနဲ့အပြန်အလှန်ဆက်သွယ်ခွင့်မရှိ၊ ထောင်ဝင်စာတွေ့ဆုံခွင့်မရှိ။အဲဒီလို ဘာဆိုဘာမှမရှိခြင်းနည်းနဲ့ ကိုယ့်အနာဂတ်ကိုယ် တွေးလို့မရအောင်အထိ ညှင်းပန်းခဲ့တယ်။

ဘယ်အချိန်ပြန်လွတ်သလဲဆိုတော့ အာဏာရှင်ကြီး စိတ်ကောင်းဝင်ပြီ ပြန်လွှတ်တဲ့အချိန်။ဒီနေ့လွတ် မှာကို မလွတ်ခင် တစ်နာရီလောက်အလိုမှ ကြိုသိရတဲ့ဘဝ။ဥပဒေဆိုတာက အာဏာရှင်ရဲ့ပါးစပ်ပေါက်ဖြစ် ကြောင်း အဲဒီလို ဗြောင်သက်သေပြခဲ့တယ်။

ဆန္ဒပြပွဲတွေကြီးထွားလာရင် အာဏာရှင်ပီပီ ပစ်တာခတ်တာ လက်ယဉ်ပြီးသားမို့ အထူးပြောစရာမ လို။ပထမအာဏာရှင်လက်ထက်မှာ ပြည်သူတွေဘယ်လောက်ထိကျဆုံးသလဲဆိုတာ ခိုင်မာတဲ့စာရင်းဇယား မရှိပေမဲ့၁၉၆၂ခုနှစ်ကနေ ၁၉၈၈ခုနှစ်အာဏာသိမ်းပြီးစအချိန်ထိဆို အလွန်ဆုံးရှိလှတစ်ထောင်လောက်လို့ ထင်မိတယ်။

ဒုတိယအာဏာရှင်လက်ထက်ရောက်တော့ စစ်ခုံရုံးဆိုတဲ့အသံကို ကျယ်ကျယ် လောင်လောင် စကြား ရတော့တာပဲ။စစ်ခုံရုံးဆိုတာကဘာဥပဒေမှနားမလည်တဲ့ စစ်ဗိုလ်တွေက သူတို့ကိုပေးလိုက်တဲ့စီရင်ချက်ကို ရွတ်ပြပြီး ထောင်ဘယ်နှနှစ်ကျခံစေဆိုပြီး ချလိုက်တာ။အမှုတစ်ခုကို စီရင်တာ တစ်နာရီတောင်မကြာ။ဒါပေမဲ့ စစ်အစိုးရခေတ်ဦး စစ်ခုံရုံးပြစ်ဒဏ်က များသောအားဖြင့် ထောင်၃-၄နှစ်လောက်ပဲဆိုတော့ ပြင်းထန်တယ်လို့ မဆိုနိုင်ပါဘူး။

၁၉၉၆ခုနှစ်၊ရန်ကုန်ကျောင်းသားလှုပ်ရှားမှုကို ဖြိုခွင်းပြီးတဲ့အခါမှ သိပ်အရေးမပါသူဆို ၇နှစ်နဲ့ အတန် အသင့်အရေးပါသူဆို ၁၄နှစ်ဆိုပြီး နိုင်ငံရေးပြစ်ဒဏ်ကို ဆွဲမြှင့်တင်ခဲ့တယ်။ဦးဝင်းတင်တို့လိုကိုမင်းကိုနိုင်တို့လို ဘာမထီကြီးတွေကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ရုံတင်မက ထောင်ကလွတ်ပါပြီပြောပြီး ထောင်ဗူးဝမှာတင် နောက်တစ်မှုနဲ့ထပ်ဖမ်းတဲ့ အောက်တန်းအကျဆုံးလုပ်ရပ်တွေကို ဒုတိယအာဏာရှင်သန်းရွှေလက်ထက်မှာ ကျင့် သုံးခဲ့တယ်။

၂၀၀၇ရွှေဝါရောင်တော်လှန်ရေးရောက်တော့ ဘုန်းကြီးကိုဓာတ်တိုင်မှာကြိုးတုပ်ရိုက်တာတွေ၊သေ နတ်နဲ့ပစ်တာတွေ၊ထောင်ထဲပို့ပစ်တာတွေတင်မက ထောင်နှစ်၅၀၊၆၀ ပြစ်ဒဏ်ချတာတွေအထိ ပက်စက်ခဲ့ တယ်။ဒါ့အပြင် ရန်ကုန်မှာမိသားစုရှိတဲ့သူကို မြစ်ကြီးနားထောင်ပို့တာမျိုးနဲ့ မိသားစုဝင်တွေ ငွေရောလူပါ ပင်ပန်းတကြီးနဲ့ ထောင်ဝင်စာတွေ့ရတာမျိုးဖြစ်အောင်လည်း အောက်တန်းကျခဲ့တယ်။

ကြည့်လိုက်ရင် ပထမအာဏာရှင်ရော ဒုတိယအာဏာရှင်ပါ အာဏာအတွက် ဘယ်ပြည်သူကိုမဆို သတ်ဖို့လက်ကယဉ်ပြီးသားချင်းတူပေမဲ့ဒုတိယအာဏာရှင်လက်ထက်မှာ ဖိနှိပ်မှုတွေက ပိုပြင်းထန်လာခဲ့တာ တွေ့ရတယ်။

အခုတတိယအာဏာရှင်ဖြစ်ဖို့ အိပ်မက်မက်နေတဲ့ မင်းအောင်လှိုင်လက်ထက်။နေဝင်းနဲ့ သန်းရွှေတို့ ထက် အဆများစွာသာလက်ရဲဇက်ရဲသတ်နေတာ အားလုံးမျက်မြင်ပါပဲ။ထောင်ဒဏ်ပြစ်ဒဏ်ချတာက အရင် အာဏာရှင်တွေနဲ့ သိပ်မကွာပေမဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီးအသက်၁၈နှစ်အောက်ကလေး၂ဦးအပါအဝင် သေ ဒဏ်ချမှတ်ခံထားရသူ ၅၂ဦးအပြင်မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ၃၉ဦးရှိတာမို့စုစုပေါင်းသေ ဒဏ်ချ မှတ်ခံထားရသူ၉၁ဦးအ ထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေး အသင်း ရဲ့မှတ်တမ်းအရသိရ တယ်။

တခြားအရာတွေမကြည့်ဘဲ ပြည်သူကိုအငြိုးတကြီးသတ်နေတာနဲ့ အငြိုးတကြီးသေဒဏ်ပြစ်ဒဏ်ချ မှတ်နေတာကို ကြည့်လိုက်ရင်ပဲ မင်းအောင်လှိုင်ဟာ သူ့ဆရာနဲ့ဆရာ့ဆရာတို့ထက် သာလွန်စွာ ယုတ်မာပက် စက်လွန်းတာထင်ရှားနေတယ်။

ပြောရမယ်ဆိုရင် မြန်မာအာဏာရှင်တွေဟာ တစ်ဆက်ပြီးတစ်ဆက် ပိုမိုရက်စက်ကြမ်းကြုတ်လာသ လို အာဏာအတွက် ဘယ်လိုအောက်တန်းကျမှုမျိုးမဆို ပြုမူဖို့ ဝန်မလေးဘူးဆိုတာ ထင်ရှားလွန်းလှတယ်။ဒါ  ကိုနောက်တစ်နည်းပြောရမယ်ဆိုရင် မြန်မာမြေပေါ်မှာ  စစ်အာဏာရှင် စနစ်ကို ဒီမှာတင် အဆုံးသတ်ပစ်ဖို့ လိုတယ်ဆိုတာပါပဲ။

ထွန်းလင်း