ကချင်ပြည်နယ်တွင်းနဲ့ ပြည်နယ်ပြင်ပ မော်တော်ယာဉ်လိုင်းတွေနဲ့ ခရီးသွားလာမယ့် ပြည်သူတွေအနေနဲ့ ဧပြီလတစ်ရက်နေ့ ဒီနေ့ကစပြီးမှတ်ပုံတင်ပါမှသာ သွားလာခွင့်ရမယ်လို့KNGသတင်း ဌာနကဖော်ပြထားပါတယ်။
ပြည်နယ်တွင်းနဲ့ ပြည်နယ်ပြင်ပကို ခရီးသွားလာမယ့်သူတွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်)ပါရမှာဖြစ်ပြီး ရပ်ကွက်ထောက်ခံစာနဲ့ အကျုံးမဝင်တော့ကြောင်း ကချင်ပြည်နယ်မော်တော် ယာဉ်များ ကြီးကြပ်ရေးကော်မတီမှ ဆိုပါတယ်။
စစ်အုပ်စုလက်အောက်ခံ လဝကဝန်ကြီးဌာနက အဆိုပါစနစ်စတင်မယ့် ဆယ်ရက်အလိုအတွင်း အသိပေးထားပြီး ကားဂိတ်တွေမှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေ ကြိုတင်အသိပေးထားတယ်လို့ ဆိုပါတယ်။
အရင်က ခရီးသွားလာတဲ့အခါ မှတ်ပုံတင်မရှိပါက သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေး မှူးတွေရဲ့ ထောက်ခံစာနဲ့သွားလာနိုင်ပြီး အခုလိုပြောင်းလဲလိုက်တာ အများပြည်သူတွေအတွက် အခက်အခဲဖြစ်စေတယ်လို့ သိရပါတယ်။
လက်ရှိကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ဖျားဧရာအဝေးပြေးယာဉ်ရပ်နားစခန်းမှာ ပြည်နယ်ပြင်ပကို ပြေးဆွဲနေတဲ့ယာဥ်လိုင်း ( ၄၀) ၊ ပြည်နယ်တွင်း ပြေးဆွဲတဲ့ ယာဥ်လိုင်း ( ၆၇)လိုင်းရှိပြီး စုစုပေါင်း ယာဥ်လိုင်း (၁၀၇)လိုင်း ပြေးဆွဲလျက်ရှိတယ်လို့ဆိုပါတယ်။
Source – KNG