ဇွဲကပင်တောင်ပေါ်တက်ရင်း ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်ကို နှစ်ရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့

Photo- Myanmar Rescue (Hpa_An)
ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်ပေါ်ကိုတက်ရင်း ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ ကတည်းကပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်အလောင်းကို ဒီကနေ့ဧပြီ ၁ရက်နေ့မနက်ပိုင်းမှာ ပြန်ရှာတွေ့ခဲ့တယ်လို့ဒေသခံလူမှုကူညီရေးအသင်းတွေကပြောပါတယ်။
ဒီနေ့ မနက် ၈နာရီလောက်က အထက်ရေ တံခွန် ဘုရားလေးအနီး မရမ်းပင်အောက်မှာ တွေ့ရှိခဲ့တာပါ။
တွေ့ရှိတဲ့အချိန်မှာ အလောင်းကို သစ်ရွက်သစ်ခက်တွေနဲ့ ဖုံးအုပ်ထားသည့်အနေအထားဖြစ်ပြီး ဦးခေါင်းမှာလည်း ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဖားအံမြို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။
ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် မဇာခြည်လှိုင်ကို မတ်လ ၃၀ ရက်နေ့က အမျိုးသားတစ်ဦးနဲ့အတူတောင်ပေါ်တက်သွားခဲ့ပြီးပျောက်ဆုံးသွားခဲ့တာဖြစ်တယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။
သူ့နဲ့အတူ တက်သွားတဲ့ အမျိုးသားဟာ ဧပြီလ ၃၀ရက်နေ့ကတည်းက တောင်အောက်ပြန်ဆင်းလာတာကို တောင်ခြေကလူတွေ တွေ့လိုက်တယ်။ အမျိုးသမီးကိုတော့ ပြန်ဆင်းလာတာမတွေ့လို့ မတ်လ ၃၁ရက်နေ့ ကတည်းက လိုက်ရှာကြတာ။ သေဆုံးတဲ့ အကြောင်းအရင်းကို အတည်မပြုနိုင်သေးဘူးလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ့)ကတာဝန်ရှိသူကပြောပါတယ်။
၂၀၂၀ခုနှစ် ဇူလိုင်လကလည်း ဇွဲကပင်တောင်ပေါ်မှာ တက္ကသိုလ် ကျောင်းသူတစ်ဦးနဲ့ ကျောင်းသားတစ်ဦးသေကြောင်းကြံ ခုန်ချခဲ့ကြပြီး ၂၀၁၇ခုနှစ်ကလည်း ခရီးသွားပြင်သစ်နိုင်ငံသားတစ်ဦး သေကြောင်းကြံခုန်ချခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ပါတယ်။