အကြမ်းဖက်စစ်တပ်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်ကနေတစ်ဆင့် ဝေါ်လေနောက်ကျောကို ပတ်ဝင်ကာ မော်ခီးစခန်းကို ပြန်သိမ်းမယ်ဆိုတဲ့ ကောလာဟလ လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေပါတယ်။
အကြမ်းဖက်စစ်ကား ၄၃ စီးဟာ မဲဆောက်မြို့ကို တရားဝင်လမ်းကြောင်းကနေ ရောက်ရှိနေပြီဖြစ်ပြီး မဲဆောက်ဘက်ခြမ်း သောင်ရင်းမြစ်အတိုင်းသွားပြီး ဝေါ်လေနောက်ကျောကို ဝင်တိုက်မယ်ဆိုတဲ့ အသံဖိုင် လူမှုကွန်ရက်ပေါ် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
‘မဲဆောက်ထဲကနေ သောင်ရင်းချောင်းအတိုင်း သွားပြီးတော့ ဝေါ်လေနောက်ကျောကနေပြီး သူတို့ဖြတ်ပြီးဝင်ပြီးတော့ ကနဲလေး၊ သေ့ဘောဘိုး၊ အဲဒီကနေပြီး ဝေါ်လေကိုပြန်ပတ်ပြီး ဝိုင်းပြီးတော့ သူတို့ကျဆုံးထားတဲ့ မော်ခီးစခန်းကို ပြန်သိမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကား ၄၃ စီး အပြည့်ပဲ၊ မဲဆောက်ထဲရောက်နေပြီ’ လို့ အသံဖိုင်မှာ ဆိုပါတယ်။
အသံဖိုင်ထဲမှာ လူလတ်ပိုင်းတစ်ဦးက လူငယ်တစ်ဦးကို အဲဒီလို ပြောပြနေတာ ကြားရပါတယ်။ KNU တာဝန်ရှိသူတစ်ဦးက အဲဒီအသံဖိုင်ကို ကောလာဟလလို့ထင်ကြောင်း ပြောပါတယ်။
‘အဲဒါ (အသံဖိုင်) ကတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြောကြတာကြားတယ်။ ဒါပေမဲ့ ကျွန်တော်ထင်တာကတော့ မဟုတ်လောက်ဘူးနဲ့တူတယ်။ဒါပေမဲ့မဟုတ်သော်ငြားလည်း သတိတော့ ထားရမှာပေါ့’ လို့ သူကပြောပါတယ်။
ဒါ့အပြင် မြဝတီ-ဝေါ်လေ လမ်းမကြီးနားက သေ့ဘောဘိုးရွာ ဝန်းကျင်မှာ စစ်ရေးအရှိန်မြင့်လာတာကြောင့် KNLA ပူးပေါင်းတပ်ဖွဲ့အနေနဲ့ ကောလာဟလသတင်းကိုယုံကာ ဖြန့်ကျက်နေရာယူမိပြီး လူကွဲသွားချိန်မှာ အကြမ်းဖက်စစ်တပ်က အလုံးအရင်းနဲ့ ဝင်တိုက်တာမျိုး လုပ်နိုင်အောင် စစ်ရေးပရိယာယ်တစ်ခုအနေနဲ့ ဝါဒဖြန့်ချင်လို့ အသံဖိုင်ဖြန့်တာမျိုးလည်း ဖြစ်နိုင်ကြောင်း သူကပြောပါတယ်။
ဝေါ်လေမြို့နယ်ခွဲက အကြမ်းဖက်စစ်တပ်ရဲ့ မော်ခီးစခန်းကို မတ်လ ၂၁ ရက်နေ့မှာ KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။
ရန်ကုန်အခြေစိုက်နိုင်ငံရေး သုံးသပ်သူတစ်ဦးကတော့ မြန်မာ့အရေးကို နိုင်ငံတကာက အာရုံစိုက်နေပြီး ထင်ရာစိုင်းနေတဲ့ အကြမ်းဖက်စစ်တပ်ကို ပြစ်တင်ရှုတ်ချနေတဲ့ အခုလိုကာလမျိုးမှာ ထိုင်းအစိုးရက သူ့မြေကို အသုံးပြုခွင့်ပေးဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
‘နိုင်ငံရေးအရလည်း မင်းအောင်လှိုင်ဟာ အာဆီယံမူ ၅ ရပ်ကို အဖက်မလုပ်လို့ နိုင်ငံတကာရဲ့ အဖက်မလုပ်ခြင်း ခံနေရတဲ့အချိန်မှာ ထိုင်းအစိုးရက အဲလောက်ထိ မိုက်မဲမယ်လို့ မထင်ဘူး’ လို့ သူကပြောပါတယ်။
၁၉၅၅ခုနှစ်၊ ထိုင်း-မြန်မာနယ်စပ်မျဉ်းပေါ်က တရုတ်ဖြူတို့ရဲ့ ဌာနချုပ်ဖြစ်တဲ့ လွယ်လန်းစခန်းကို ဗိုလ်မှူးချုပ် ဟောင်းကျော်ဇောဦးစီးတဲ့ တပ်မတော်က ဝင်တိုက်ခဲ့စဉ် မြန်မာစစ်တပ်ကို ထိုင်းနယ်မြေထဲ ၃ ကီလိုမီတာအထိ ဝင်ခွင့်ပြုဖို့၊ လေယာဉ်တွေကို ၅ ကီလိုမီတာလောက်အထိနဲ့ အမြောက်ဆန်တွေကို ၂ ကီလိုမီတာလောက်အထိ ကျခွင့်ပြုဖို့ မေတ္တာရပ်ခံခဲ့ရာ ထိုင်းပြည်ထဲရေးဝန်ကြီးက ခွင့်ပြုပေးခဲ့ပါတယ်။
အဲဒီလို ခွင့်ပြုပေးချက်အရ ထိုင်းနယ်မြေထဲ ဝင်ရတဲ့အခါ အသင့်ရှိနေတဲ့ ထိုင်းဆက်သွယ်ရေး အရာရှိထံ ခွင့်ပြုချက်တောင်းခံပြီး နောက်ကျောကနေ ဝင်တိုက်ခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့ဖူးပေမဲ့ ဒီဘက်ခေတ်တွေမှာ ထိုင်းနယ်မြေထဲ ဝင်ခွင့်ပေးတိုက်စေတာမျိုး မကြားခဲ့ဖူးသေးပါဘူး။