Photo- မြို့လှ PDF
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ချောင်းဝရွာကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှု များနိုင်ကြောင်း မြို့လှ PDF က ထုတ်ပြန်ပါတယ်။
မြို့လှ PDF တပ်ရင်း နယ်မြေအတွင်းရှိ ကသာမြို့နယ်၊ချောင်းဝရွာကနေ သမန်းဒေါင့်ရွက်ဘက် ခြေလျင်စစ် ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ဒီနေ့မနက် ၆ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေးတပ်က မိုင်းသုံးလုံးနဲ့ စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ပြန်လည်ပစ်ခတ်မှုရှိပြီး ၁၀ မိနစ်လောက်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ကသာမြို့၊ ရပ်ကွက် ၅ နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ကသာနဲ့ အနီးဝန်းကျင်မြို့တွေက PDF တွေဟာ အကြမ်းဖက် စစ်တပ်ရဲ့ ဧရာဝတီမြစ်ကြောင်းအတွင်း သွားလာမှုကို အကောင်းဆုံး တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
‘အခုစစ်ခွေးတွေ ရေကြောင်းခရီးနဲ့လာရင် အတိုက်ခံရလွန်းလို့ ကမ်းနံဘေးတွေမှာ စစ်ခွေးတွေ ရေယာဉ် လုံခြုံရေးယူပေးနေရတယ်။ မြို့လှ PDF က နယ်မြေကျွမ်းကျင်မှုနဲ့ လူထုထောက်ခံမှု အသာစီးရထားတော့ ရွာတွေဘက် စစ်သားတွေလာရင် ကောင်းကောင်းဆော်နေတယ်’ လို့ သူကပြောပါတယ်။
ဒီနေ့မနက်တိုက်ပွဲမှာ ဒေသကာကွယ်ရေးတပ်တွေ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။