ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေ မနက်ဖြန် သိရမယ်

Photo-AP
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို မနက်ဖြန်မှာ ခန့်မှန်းသိနိုင်မယ်လို့ နေပြည်တော် တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အတူနေသူတချို့ ကိုဗစ်ပိုး ကူးစက်ခံထားရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ကွာရင်တင်းဝင်နေရကာ မတ်လ ၂၈ ရက်နေ့ရုံးချိန်းကို မလာနိုင်ခဲ့ဘူးလို့ တရားရုံးအသိုင်းအဝိုင်းက သိရပြီး မနက်ဖြန် ရုံးချိန်းလာပါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို သေချာသိနိုင်သလို ရုံးချိန်မလာပါကလည်း ခန့်မှန်းသိနိုင်မယ်လို့ သူကဆိုပါတယ်။
‘အန်တီ ကိုဗစ်ကူးစက်ခံရတာတော့ ရှေ့နေအဖွဲ့နဲ့လည်း တွေ့ခွင့်မရသေးတော့ အတိကျမသိသေးပါဘူး။ မဟုတ်ဖို့တော့များတယ်။ အရင်တစ်ပတ်က သူအိမ်သားထဲက တစ်ယောက် ကိုဗစ်တွေ့လို့ ကွာရင်တင်းဝင်ရတယ်။ အရင်တစ်ပတ်ကလည်း VC နဲ့ တွေ့ခွင့်မရဘူး။ မနက်ဖြန် ရုံးချိန်းတော့ရှိတယ်။ တစ်ပတ်လည်းပြည့်ပြီဆိုတော့ ကွာရင်တင်းဆိုရင် ရုံးချိန်းလာမလား။ Vc နဲ့ တွေ့ခွင့်ရမလားတော့ မသိသေးဘူး’ လို့ သူကပြောပါတယ်။
နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုကြောင့်လို့ဆိုပြီး စစ်အုပ်စုက တရားစွဲထားတဲ့ အမှုကို မနက်ဖြန်မှာ စစ်ဆေးဖို့ရှိပြီး ဧပြီ ၁ ရက်နေ့ကျရင် ၂၀၂၀ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးပြီး မဲမသမာမှုဖြစ်အောင် လုပ်ခဲ့တယ်ဆိုတဲ့ အမှုအတွက် ရုံးချိန်းရှိပါတယ်။