ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း တောင်သူတွေဆီ စိုက်ပျိုးရေးချေးငွေ လာတောင်းတဲ့ အကြမ်းဖက်စစ်အုပ်စုဝင်တွေကို ပဲခူးခရိုင် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့ပါတယ်။
ဒီနေ့ မနက် ၅ နာရီ ၄၁ မိနစ်လောက်မှာ ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာ၊ ဂုံမေကျည်အပိုင်း အုပ်ချုပ်ရေးမှူးရုံးကို ပဲခူးခရိုင် တပ်ရင်း(၁)၊ တပ်ခွဲ(၁) Eagle Guerilla Force က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် မနက် ၆ နာရီ ၄၁ မိနစ်လောက်မှာ စိုက်ပျိုးရေးချေးငွေ လာရောက်ကောက်ခံတဲ့ ညောင်လေးပင်မြို့နယ် ထွေအုပ်နဲ့ရဲတွေ လာရောက်ချိန်မှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ညောင်လေးပင်မြို့နယ် ထွေအုပ်ရုံးက ထူးစေး၊ ရာအိမ်မှူး ကုလား ခေါ် တင်စိုး၊ ပြည်တော်အေးပိုင်း ရာအိမ်မှူးနိုင်ဝင်းနဲ့ ရဲတစ်ဦးတို့ သေဆုံးခဲ့ပြီး ပေါက်ကုန်းလေး အုပ်ချုပ်ရေးမှူး အပါအဝင် ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပါတယ်။
ပဲခူးခရိုင် PDF အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် ပြည်သူတွေအနေဖြင့် စစ်အုပ်စုနဲ့ နီးစပ်တဲ့ နေရာတွေကို ရှောင်ရှားကြဖို့လည်း အသိပေး ထုတ်ပြန်ပါတယ်။