အကြမ်းဖက်နေတာရပ်ပြီး ဒီမိုကရေစီလမ်းပေါ် ပြန်လျှောက်ဖို့ အမေရိကန်သမ္မတနဲ့ စင်ကာပူဝန်ကြီးချုပ်တို့က တိုက်တွန်းလိုက်ပါတယ်။
မတ်လ ၂၉ ရက် ၊ ဝါရှင်တန်ဒီစီက သမ္မတအိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံအရေး၊ နိုင်ငံတကာအရေးတွေအပြင် မြန်မာ့အရေးကိုပါ ထည့်သွင်းဆွေးနွေးကြပြီး ပူးတွဲထုတ်ပြန်ခဲ့ကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့၊ဆုတ်ယုတ်သွားတဲ့ မြန်မာ့စီးပွားရေးနဲ့ တရားမဝင်ငွေကြေးအန္တရာယ် တိုးလာနေတာကို စိုးရိမ်ကြောင်းနဲ့ မြန်မာ့အရေးဟာ ဒေသတွင်းတည်ငြိမ်မှုကို ထိခိုက်စေတာနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်တို့က ဆိုပါတယ်။
ဒါ့အပြင် လူသားချင်း စာနာမှု အကူအညီပေးခွင့် လမ်းကြောင်းကို ဖွင့်ပေးဖို့လည်း တိုက်တွန်းပါတယ်။