စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်နဲ့ဇီးဖြူကုန်းရွာတို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တော်လှန် ရေး အင်အားစုတွေက ၂ ရက်ဆက်တိုက် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဆိပ်ခွန်နဲ့ ဇီးဖြူကုန်းရွာမှာ တပ်စွဲထားတဲ့အကြမ်းဖက်တပ်ကို မတ်လ ၂၅ ရက်နေ့မှာ သွားရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မတ်လ ၂၆ ရက်နေ့မှာလည်း ထပ်မံသွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေ ဒဏ်ရာရရှိမှုများပြီး သေဆုံးစာရင်းကို အတည်ပြုနေဆဲပဲလို့ C&T SHWEBO က ထုတ်ပြန်ထားပါတယ်။
၂၅ ရက်နေ့ တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သားတွေအထိနာပြီးနောက် ရွာထဲရမ်းသန်းပစ်ခတ်နေတာကြောင့် ဆိပ်ခွန်ရွာမှာ ပြန်လာနေသူအားလုံး ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
‘ဆိပ်ခွန်က ဖေဖေါ်ဝါရီ ၈ ရက်နေ့ထင်တယ်။ စစ်တပ်ကဝင်စီးလို့ တစ်ရွာလုံးထွက်ပြေးနေရတာ ဒီနေ့ထိပဲ။စစ်တပ်က ရွာထဲမှာ အထိုင်ချထားတော့ ရွာမပြန်ရဲကြဘူး။ တချို့ သိပ်အဆင်မပြေသူ နည်းနည်းပဲ ရွာထဲလာပြန်နေတာ။ အခု လာပြန်နေတဲ့သူတွေ ပြန်ပြေးရတယ်။ စစ်ခွေးတွေ ရမ်းပစ်နေတာမို့’ လို့ ဆိပ်ခွန်ရွာအနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
မတ်လ ၂၆ ရက်နေ့မှာ မဟာမိတ်ဖွဲ့စည်းခြင်းအထိမ်းအမှတ်အဖြစ် ဆိပ်ခွန်နဲ့ ဇီးဖြူကုန်းရွာက အကြမ်းဖက်တပ်ကို C&T SHWEBO, SNAKE EYES-PDF, PEOPLE DEFENCE FORCE SHWEBO, ALPHA-7 ,BFDF (နဂါးတပ်စု)၊တပ်ပေါင်းစု (၂) နှင့် ဖီးနစ်အဖွဲ့ (ရွှေဘို) ၊ FARMER RANGERS (ဘုတလင်)၊ ခေတ်သစ်ပေါက်ကျိုင်းအဖွဲ့(ဝက်လက်) ၊ မုံရွာသံမဏိအဖွဲ့(MPDF) ၊ အရာတော်ရွှေချိုးဖြူအဖွဲ့ ၊ ကိုတင်မောင်တော်လှန်ရေးအင်အားစု (ARA)(အရာတော်) နဲ့ နောင်ရိုးအဖွဲ့(အရာတော်)တို့က သွားရောက် တိုက်ခိုက်ခဲ့တာပါ။
မတ်လ၂၅ ရက်နေ့မှာတော့ C&T SHWEBO, SNAKE EYES-PDF, PEOPLE DEFENCE FORCE SHWEBO, ALPHA-7 နဲ့ တပ်ပေါင်းစု (၂) တို့သွားရောက်တိုက်ခိုက်ခဲ့တာလို့ C&T SHWEBO က ထုတ်ပြန်ပါတယ်။