ယူကရိန်းမှာ နေတိုးမဟာမိတ်ရဲ့ လက်နက်အင်အား ၁ရာခိုင်နှုန်းကို ချထားပေးဖို့ ဇေလန်စကီးတောင်းဆို

Photo – worldnationnews

နေတိုးအဖွဲ့ရဲ့ စစ်လေယာဉ်တွေ ၊ တင့်ကားတွေနဲ့ လက်နက်တွေအားလုံးရဲ့ ၁ရာခိုင်နှုန်းကို  ယူကရိန်းနိုင်ငံ ကာကွယ်ရေးအတွက် ချထားပေးဖို့ ယူကရိန်းသမ္မတ ဇေလန်စကီးက မတ်လ ၂၆ရက်နေ့ နှောင်းပိုင်းမှာ တောင်းဆိုလိုက်ပါတယ်။

ဥရောပနိုင်ငံတွေအားလုံးအတွက် ဘုံလုံခြုံရေးကို မြင့်တင်ဖို့နဲ့ လေယာဉ် ၊ တင့်ကား ၊ ဒုံးခွင်းဒုံးကာကွယ်ရေး စနစ်တွေကို ယူကရိန်းဆီ ပို့ဆောင်ဖို့ မနေ့က ပြုလုပ်တဲ့ ရုပ်သံမိန့်ခွန်းတခုမှာ ဇေလန်စကီးက ပြောခဲ့တာပါ။

“ဒါတွေပြီးသွားရင် ဒါတွေအားလုံးက ယူကရိန်းမှာတင်မဟုတ်ဘဲ ဥရောပအတွက်လည်း  လွတ်လပ်မှုဖြစ်တယ်” လို့ သူက ဆိုပါတယ်။

မနေ့က ယူကရိန်းနိုင်ငံအနောက်ပိုင်း Lviv မြို့ကို ရုရှားစစ်တပ်က ဒုံးကျည်နှစ်စင်းထက်မနည်း ပစ်ခတ်ပြီးနောက် အနည်းဆုံး လူငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့  သိရသည်။ 

ဒုံးကျည်တခုဟာ လောင်စာဆီသိုလှောင်ရုံတစ်ခုကို ထိမှန်ခဲ့တာကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြို့တော်ရဲ့ အခြေခံအဆောက်အအုံဆိုင်ရာအဆောက်အအုံတွေကိုလည်း ဒုံးကျည်တွေ ဆက်တိုက်ထိမှန်လို့ ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးခဲ့ပါတယ်။ 

ဖေဖော်ဝါရီလ ၂၄ရက်နေ့မှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်စတင်ခဲ့ပြီးနောက် အီးယူ ၊ အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ရုရှားရဲ့လုပ်ရပ်ကို ပြစ်တင်ရှုတ်ချကာ ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။