အကြမ်းဖက်စစ်တပ် ရဟတ်ယာဉ်တစ်စီး KNLA ပစ်ခတ်တာထိမှန်ပြီး စက်ချို့ယွင်း ပျက်စီး

Photo- KNLA
KNU၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ်ဝေ (မဲဝိုင်) ဒေသကို လာရောက်ထောက်လှမ်းတဲ့ အကြမ်းဖက်စစ်တပ် ရဟတ်ယာဉ်တစ်စီး ပစ်ခတ်ခံရပြီး စက်ချို့ယွင်းပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
KNLA တပ်ရင်း ၁၀၂ တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့လို့ ရဟတ်ယာဉ် ထိမှန်ခဲ့ရာ အပစ်ခံရတဲ့နေရာမှာ ပျက်ကျတာမျိုးမရှိပေမဲ့ လေတပ်ဌာနချုပ်ကို ပြန်လည်ရောက်ရှိချိန် စက်ချို့ယွင်း ပျက်စီးသွားတယ်လို့ အကြမ်းဖက်စစ်အုပ်စုရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ နီးစပ်သူတွေရဲ့ သတင်းပေးပို့ချက်အရ သိရကြောင်း မူတြော်သတင်းစဉ်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုဟာ မတ်လ ၂၅ ရက်နေ့ နံနက် ၈ နာရီမှာ ဂျက်လေယာဉ် တစ်စီးနဲ့ ၁ ကြိမ်၊ မွန်းလွဲ ၂ နာရီမှာ ဂျက်လေယာဉ် နှစ်စီး၊ ရဟတ်ယာဉ် တစ်စီးနဲ့ ဒုတိယအကြိမ်ကင်းလှည့်ထောက်လှမ်းစဉ် KNLA-ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ အမှတ် (၅) တပ်မဟာလက်အောက်ရှိ အမှတ် (၁၀၂) တပ်ရင်းမှ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ခြင်း ဖြစ်ပါတယ်။
မတ်လ (၂၄) ရက်နေ့မှာ KNLA တပ်မဟာ ၅ လက်အောက်ရှိ တပ်ဖွဲ့ဝင်တွေဟာ တပ်မဟာ ၅ ထိန်းချုပ်ဒေသမှာ လာရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်တွေကို (၅) ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က အမြောက်လက်နက်ကြီး အလုံး၂၀၊ လက်နက်ငယ် ၈၀၀ ကျော်နဲ့ ပြည်သူနေထိုင်ရာ ကျေးရွာအတွင်းထဲ ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။