ကော့ကရိတ်-မြဝတီနဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးတွေပေါ်မှာ ယာဉ်သွားလာဖြတ်သန်းမှုကို မတ်လ၂၇ရက်နေ့ကစပြီး ယာယီရပ်ဆိုင်း ထားကြဖို့ KNU(ဒူးပလာယာခရိုင်)ကထုတ်ပြန်ပါတယ်။
ကော့ကရိတ်တောင်ပိုင်းနဲ့ လေးကေ့ကော်ဒေသမှာ တပ်စွဲပြီး ပြည်သူကို အနှောင့်အယှက် ပေးနေတဲ့ အကြမ်းဖက်စစ်တပ်တွေကို ပြန်လည်ဆုတ်ခွာဖို့ ဒူးပလာယာခရိုင်အနေနဲ့ထုတ်ပြန်ခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်ဟာ မလိုက်နာတဲ့အပြင် စစ်အင်အားတိုးချဲ့မှုတွေကိုပါ ဆက်လက်လုပ်ဆောင်လာနေတယ်လို့ ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ ကော့ကရိတ်-မြဝတီ နဲ့ မြဝတီ-ဝေါ်လေ လမ်းမကြီးကို အသုံးပြုသွားလာနေတဲ့ ပြည်သူလူထုကို အကာအကွယ်ယူပြီး ဒူးပလာယာခရိုင်နဲ့ တပ်မဟာ ၆ နယ်မြေအတွင်း စစ်အင်အားတိုးချဲ့ ပို့ဆောင်မှုတွေ လုပ်ဆောင်နေတာကြောင့် အခုလို အသိပေးချက်ထုတ်ပြန်ရတယ်လို့ဆိုပါတယ်။
ဒီထုတ်ပြန်ချက်ကို မပယ်ဖျက် မချင်း အတည်ဖြစ်ပြီး ပြည်သူတွေရဲ့ စားဝတ်နေရေး၊ စီးပွားရေးစတဲ့ လိုအပ်ချက်တွေကို နားလည်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။