စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး နိုင်ငံတကာအနေနဲ့ ထိရောက်စွာပံ့ပိုးပေးဖို့ သံအမတ်ကြီး မေတ္တာရပ်ခံ

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းနေမှုကိုနိုင်ငံတကာအသိုက်အဝန်း အနေနဲ့ အချိန်နဲ့တစ်ပြေးညီ ထိရောက်စွာ ပံ့ပိုးကူညီပေးဖို့ ကုလသံအမတ်ကြီးဦးကျော်မိုးထွန်းက မေတ္တာရပ်ခံလိုက်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့ကကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ယူကရိန်းနိုင်ငံ အပေါ် ကျူးကျော်မှုဆိုင်ရာ အရေးပေါ်အထူးအစည်းအဝေး (Resumed) မှာ မိန့်ခွန်းပြောကြားစဉ် အဲဒီလိုထည့်သွင်းပြောကြားခဲ့ပါတယ်။
သံအမတ်ကြီးက ယူကရိန်းနိုင်ငံအတွင်းနဲ့ အနီးတစ်ဝိုက်ရှိ ဒုက္ခကြုံတွေ့နေရသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ အပြည့်အဝပံ့ပိုးကူညီ ထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံသလို မြန်မာနိုင်ငံက လူသားချင်းစာနာ ထောက်ထားမှုအကူအညီ လိုအပ်နေသူတွေထံ ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်။
ဒုက္ခဆင်းရဲတွေနဲ့ ရင်ဆိုင်နေရတဲ့ယူကရိန်းပြည်သူတွေရဲ့ ခံစားမှုကို အပြည့်အဝနားလည်ပြီးယူကရိန်းပြည်သူတွေနဲ့အတူ ခိုင်မာစွာရပ်တည်ကြောင်းသံအမတ်ကြီးကဆိုသလို မြန်မာနိုင်ငံမှာလည်း‌ ယူကရိန်းပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ အလား သဏ္ဍာန်တူ လူသားတွေကဖန်တီးတဲ့ ကြေကွဲဖွယ်အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ စစ်တပ်က မြန်မာပြည်သူတွေကို ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေ ကျူးလွန်နေခြင်း၊ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်တဲ့ပြစ်မှုတွေ ကျူးလွန်နေခြင်းနဲ့ ခွဲခြားမှုမရှိ အင်အားအလွန်အကျွံအသုံးပြု တိုက်ခိုက်မှုတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရ ကြောင်းကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရမြန်မာနိုင်ငံမှာအခုအချိန်အထိ နေရပ်စွန့်ခွာသူ (၉) သိန်းလောက်ရှိလာပြီဖြစ်ပြီး လူသားချင်း စာနာမှု အကူအညီ အထူးလိုအပ်နေသူ ၆သန်းကျော် ရှိနေပြီဖြစ်ကာပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာမလုံလောက်မှုပြဿနာတွေလည်း ရင်ဆိုင်လာနေရကြောင်းပြောပါတယ်။
ယူကရိန်းနိုင်ငံအပေါ် စစ်မက်ပြုတိုက်ခိုက်နေမှုကို ချက်ချင်းရပ်တန့်ဖို့လည်းသံအမတ်ကြီးက ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံက အဆိုပြုတင်သွင်းတဲ့ ‘ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်များ’ အဆိုပြုမူကြမ်းကို မတ်လ၂၄ရက်နေ့၊ ကုလသမဂ္ဂအထွေထွေညီလာခံ အရေးပေါ် အထူးအစည်းအဝေးမှာ ထောက်ခံမဲ (၁၄၀) ၊ ကန့်ကွက်မဲ (၅) မဲ၊ ကြားနေမဲ (၃၈) မဲနဲ့ အတည်ပြုခဲ့ပါတယ်။
အဲဒီအဆိုပြုမူကြမ်းကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၈၀) ကျော်က ပူးတွဲအဆိုရှင်များအဖြစ် ပါဝင်ခဲ့ကြပါတယ်။