နေပြည်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပြည်သူ့လွှတ်တော်အမတ်၂ဦးကထောင်ဒဏ်၃နှစ်စီ အမိန့်ချခဲ့ပါတယ်။
နေပြည်တော်၊ဥတ္တရသီရိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် ကိုရာဇသတ်ကြီးပုဒ်မ၅၀၅ (က) အရထောင်၃နှစ်နဲ့ ဒက္ခိဏသီရိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကို ရာဇသတ်ကြီးပုဒ်မ၅၀၅ (က) အရထောင်၃နှစ် ဒက္ခိဏသီရိတရားရုံးမှာ ဒီကနေ့အမိန့်ချခဲ့တယ်လို့ နေပြည်တော်တရားရုံးအသိုင်းအဝိုင်းကသိရပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူ ပါတီဝင်ပေါင်း ၆၄၅ ဦး အထိရှိပြီး ဒီချုပ်ပါတီဝင် ၁၅၅ ဦးရဲ့ နေအိမ်နဲ့ တခြားပိုင်ဆိုင်မှုတွေကို အကြမ်းဖက်စစ်အုပ်စုက ချိပ်ပိတ်ထားကြောင်း NLDဗဟိုအလုပ်ကော်မတီက မတ်လ၁၈ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ရရှိထားတဲ့စာရင်းတွေအရ အိမ်နဲ့ တခြားပိုင်ဆိုင်မှု ချိတ်ပိတ်ခံရတဲ့ ပါတီဝင် ၁၅၅ဦး ထဲမှာ လွှတ်တော်ကိုယ်စားလှယ် (၉၃)ဦးပါဝင်ပါတယ်။
မတရား ဖမ်းဆီးခံထားရတဲ့သူတွေထဲ လွှတ်တော်ကိုယ်စား လှယ်(၁၀၇)ဦးပါဝင်ပြီး၊ အဲဒီအနက် ပြန်လည်လွတ်မြောက်လာသူ(၁၄)ဦးရှိကာ ကျန်လွှတ်တော်ကိုယ်စားလှယ် (၉၂)ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကြောရေး ကာလ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုနဲ့ အကျဉ်းထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အပါအဝင် စုစုပေါင်း(၁၆)ဦး ကျဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။