ပြည်သူ့ရင်ခွင်ဝင်လာသူတွေနဲ့ NUG အစိုးရ တွေ့ဆုံပွဲ ကျင်းပ

Photo – NUG
အမျိုးသား ညီညွတ်ရေး အစိုးရတာဝန်ရှိသူတွေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်သား၊ ရဲတို့ တွေ့ဆုံပွဲကို လွတ်မြောက် နယ်မြေတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတွေ့ဆုံပွဲကို မတ်လ ၁၉ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ တာဝန်ရှိသူတွေ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ် ဖော်ဆောင်မှု ကော်မတီဝင်တွေ၊ မဟာမိတ် တော်လှန်ရေး အဖွဲ့အစည်းက စစ်ဘက်၊ အရပ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ တပ်သား၊ ရဲသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ တက်ရောက်ခဲ့ကြကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
တွေ့ဆုံပွဲမှာ အမျိူးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီးဒူဝါလရှီးလနဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က ပေးပို့သော အားပေးစကားနဲ့ ဂုဏ်ပြုသဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဉ် ဖော်ဆောင်မှု ကော်မတီမှ တာဝန်ရှိသူတွေကလည်း ကော်မတီရဲ့ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းတာဝန်တွေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့်လုပ်ငန်းတွေကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ညနေပိုင်းမှာ ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ခဲ့ကြပါတယ်။