မြိုင်မြို့နယ် သရက်ကန်ကျေးရွာရှိ စစ်အုပ်စုစခန်း အတိုက်ခံရပြီး ၁၇ ဦးသေ

မကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေရဲ့ စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု ၁၇ ဦး သေဆုံးခဲ့တယ်လို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
သရက်ကန်ကျေးရွာမှာ အင်အား ၁၀၀ ခန့်နဲ့ တပ်စွဲထားတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့နဲ့ မြိုင်နယ်တောင်ပိုင်း တောင်လှန်ရေးအင်အားစုတွေကို မတ်လ ၂၂ ရက်နေ့ ည ၉ နာရီခန့်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှ အကြမ်းဖက်စစ်အုပ်စုက ၁၇ ဦးသေဆုံးပြီး ဒဏ်ရာရရှိခဲ့သူ အများအပြားရှိခဲ့ကာ ယာယီစခန်းတစ်ခုလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုက သေဆုံးသူတွေကို သရက်ကန်ကျေးရွာ သုဿန်မှာ မြေမြုပ်ထားခဲ့တယ်လို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က ဆိုပါတယ်။
ဓာတ်ပုံ- ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့