မြန်မာဘီယာတွေ သိုလှောင်ထားတဲ့ မြင်းခြံက ဂိုထောင်ကို ဗုံးဖောက်ခွဲ သတိပေး

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်က မြန်မာဘီယာ အမြောက်အမြား သိုလှောင်ထားတဲ့ ဂိုထောင်ကို ဗုံးဖောက်ခွဲ သတိပေးခဲ့တယ်လို့ သိရပါတယ်။
မြင်းခြံမြို့၊ အမှတ် ၈ ရပ်ကွက်ရှိ မြန်မာဘီယာအမြောက်အမြား သိုလှောင်ထားတဲ့ မွှေးမွှေးဂိုထောင်ကို ဗုံးဖောက် ခွဲသတိပေးခြင်းဖြစ်ကြောင်း တလုပ် PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
‘ကျွန်မတို့ ကြားတာကတော့ မနေ့တုန်းက သတိပေးတဲ့အနေနဲ့ ထိခိုက်မှုမရှိအောင် ဖောက်ခွဲပြတာလို့ သိရတယ်။ လူထိခိုက်တာမျိုး မရှိဘူး’ လို့ မြင်းခြံမြို့ပေါ်နေ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
မြန်မာဘီယာကို ဖြန့်ဖြူးရောင်းချခြင်း မပြုဖို့ တလုပ် PDF ရဲ့ သတိပေး တားမြစ်ချက်ကို လေးစားလိုက်နာမှုမရှိလို့ အခုလို လုပ်တာဖြစ်ကြောင်း ထုတ်ပြန်ထားပေမဲ့ ဗုံးဖောက်ခွဲမှုကြောင့် ပျက်စီးမှု ရှိ၊ မရှိ ကို မဖော်ပြထားပါဘူး။
မြန်မာဘီယာ ဆက်လက်ဖြန့်ဖြူးရောင်းချနေတဲ့ ဆိုင်တွေကို ထိရောက်စွာ အရေးယူသွားမှာဖြစ်ပြီး ပြည်သူတွေ အနေနဲ့ စစ်အုပ်စု ထုတ်ကုန်ပစ္စည်းတွေ မဝယ်ကြဖို့လည်း တလုပ် PDF က မေတ္တာရပ်ခံပါတယ်။