ဗြိတိန်က ယူကရိန်းကို ဒုံးကျည်လက်နက်တွေ ထောင်နဲ့ချီ ပေးပို့သွားမယ်

Photo – AFP
ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံနေတဲ့ ယူကရိန်းစစ်တပ်အတွက် ဒုံးကျည် ၆၀၀၀ နဲ့ ကန်ဒေါ်လာ ၃၃ သန်း ထောက်ပံ့သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က မတ်လ ၂၃ ရက်နေ့နှောင်းပိုင်းက ပြောပါတယ်။
 
ရုရှားရဲ့ ကျူးကျော်မှုကိစ္စ ဆွေးနွေးမယ့် နေတိုးအဖွဲ့နဲ့ ဂျီ ၇ ထိပ်သီးညီလာခံ မတိုင်မီ ဗြိတိန်ရဲ့ အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။
ယူကရိန်းကို အားပေးထောက်ခံပြီး ရုရှားကို စီးပွားရေးအရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ပြီးတော့ မော်စကိုအစိုးရဲ့ လုပ်ရပ်တွေကို အရှိန်မြင့် တုန့်ပြန်ကြဖို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အနောက်မဟာမိတ်တွေကို တိုက်တွန်းသွားမယ်လို့ဆိုပါတယ်။
 
တာဝေးပစ် ပစ်မှတ်တွေနဲ့ စုံစမ်းထောက်လှမ်းရေး အပါအဝင် ယူကရိန်းရဲ့ ကာကွယ်ရေးစွမ်းရည် မြင့်တင်ဖို့ မိတ်ဖက်တွေနဲ့အတူ လက်တွဲလုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့လည်း သူကပြောခဲ့ပါတယ်။
 
Javelin မစ်ဇိုင်းလို့ အမည်ရတဲ့ ဒုံးကျည်တွေ အပါအဝင် တင့်ကားတွေကို ဖျက်ဆီးနိုင်တဲ့ လက်နက် ၄၀၀၀ ကျော်ကိုလည်း ဗြိတိန်က ယူကရိန်းကို ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။