မြန်မာနိုင်ငံအရေးကို လက်ရှိအာဆီယံဥက္ကဋ္ဌ သက်တမ်းအတွင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အာဆီယံအထူးသံတမန် ပရတ်ဆွန်ခွန်းက ပြောပါတယ်။၃ ရက်ကြာ မြန်မာခရီးစဉ်အပြီး မတ်လ ၂၃ ရက်နေ့၊ ဖနွမ်းပင်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အဲဒီလိုပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံအရေးဟာ ရှုပ်ထွေးပြီး ရေရှည်ဖြေရှင်းရမယ့်ပြဿနာ ဖြစ်တာကြောင့် အာဆီယံဥက္ကဋ္ဌ သက်တမ်းတစ်ခုတည်းနဲ့ ပြီးမြောက်နိုင်မှာ မဟုတ်ဘူးလို့ သူကပြောပါတယ်။
သူ့ရဲ့ခရီးစဉ်ဟာ စစ်အုပ်စုကို တရားဝင် အသိအမှတ်ပြုလိုက်သလို ဖြစ်သွားမှာစိုးတဲ့အတွက် ဝေဖန်နေကြတဲ့အပေါ်နားလည်ကြောင်းလည်း ပရတ်ဆွန်ခွန်းက ပြောပါတယ်။စစ်တပ်အနေနဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်တဲ့အခါမှာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့ တောင်းဆိုခဲ့တယ်လို့လည်း သူကပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုရင်ဆိုင်နေရဆဲကာလ ဖြစ်တဲ့အတွက် တွေ့ခွင့်မပေးနိုင်ဘူးလို့ စစ်အုပ်စုက သူ့ကိုပြောကြောင်းလည်း ဆိုပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံက မတူကွဲပြားတဲ့ အဖွဲ့အစည်းတွေက အဓိကကျတဲ့ ပုဂ္ဂိုလ်တွေဟာ ပြန်လည်ရင်ကြားစေ့ရေးကို မလုပ်ချင်ဘူးလို့လည်း သူကဆက်ပြောပါတယ်။