သံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းကို စစ်အုပ်စုက ထောင်ဒဏ် ၂နှစ်ချမှတ်

မြန်မာသံတော်ဆင့် သတင်းဌာနမှ သတင်းထောက်ကို ကိုရဲရင့်ထွန်းကို အကြမ်းဖက်စစ်အုပ်စုရဲ့ ထောင်တွင်းအထူးတရားရုံးက ထောင်ဒဏ် ၂နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီး ရက်ပိုင်းအတွင်းမှာ လူထုဆန္ဒဖော်ထုတ်ပွဲတစ်ခုကို သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ ကိုရဲရင့်ထွန်းကို ပုသိမ်အကျဉ်းထောင်အတွင်းမှာ ရှိတဲ့ အထူးတရားရုံးက ဒီကနေ့ မတ်လ ၂၃ရက်နေ့မှာ ထောင်ဒဏ် ၂နှစ် ချမှတ်လိုက်တာပဲဖြစ်ပါတယ်။
ကိုရဲရင့်ထွန်းဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ ပုသိမ်မြို့ ကျောက်ငူအနီးမှာ အကြမ်းဖက်စစ်အုပ်စုက ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွဲစဉ်မှာ ဖမ်းဆီးခံခဲ့ရတာပဲဖြစ်ပါတယ်။
“၂နှစ်ချလိုက်တယ်၊ ချုပ်ရက်နုတ်ပြီး ကျခံရမယ်လို့ ပြောတယ်၊ ၅၀၅နဲ့ပဲ ချလိုက်တာပါ အရင်လွတ်ငြိမ်းသက်သာတွေမှာ ပြန်ပြီးပါလာမယ်လို့ သတင်းတွေကြားပေမဲ့ မပါလာခဲ့ဘဲ အခုလို အမိန့်ချခဲ့တာပါ”လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက သတင်းမီဒီယာသမားတွေကို မတရားဖမ်းဆီးမှုတွေ လုပ်ဆောင်ထားပြီး သံတော်ဆင့်သတင်းဌာနမှ ကိုရဲရင့်ထွန်း၊ အလွတ်တန်းသတင်းထောက် မရွှေရည်ဝင်း၊ အလွတ်တန်းသတင်းထောက် ကိုရဝေမောင်၊ Delta News Agency သတင်းဌာနမှ သတင်းထောက်ဟောင်း ကိုမျိုးစံစိုးတို့ကို ဖမ်းဆီးထားဆဲဖြစ်ပါတယ်။