ဇေကမ္ဘာပြတိုက်က ဝန်ထမ်းတွေပါ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
မတ် ၂၂ ရက် မနက်ပိုင်းမှာ နာမည်ကျော် ခရိုနီ သူဌေးကြီး ဇေကမ္ဘာဦးခင်ရွှေနဲ့ သားဇေသီဟတို့ကို ဗဟန်းမြို့မရဲစခန်းမှာ မေးစရာရှိလို့ ခဏလာဖို့ ရဲတွေက နေအိမ်မှာ လာရောက်ခေါ်ဆောင်ကာ စခန်းရောက်ချိန် ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
အဲဒီနောက် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်းက Zaykabar Museum က ဝန်ထမ်းတွေကိုလည်း ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေနဲ့ ဖမ်းဆီးထားတယ်လို့ သိရပြီး ဖမ်းဆီးခံထားရတဲ့ ဝန်ထမ်းအရေအတွက်ကိုတော့ ဆက်လက်အတည်ပြုနေဆဲပါ။
” မနေ့က ပြတိုက်ထဲကို စစ်သားတွေနဲ့ ရဲတွေရောက်လာပြီး ဝန်ထမ်းတွေကို ထိန်းသိမ်းလိုက်တာတွေ့တယ်။” လို့ ဇေကမ္ဘာဝင်းအနီး နေထိုင်သူတစ်ဦးက ပြောပါတယ်။
အတည်မပြုနိုင်တဲ့ သတင်းတွေအရ ဇေကမ္ဘာဦးခင်ရွှေတို့ သားအဖဟာ ဗဟန်းမြို့နယ်၊ ပုလဲလမ်းက မြို့တော်ဝန်ဧည့်ဂေဟာဟောင်းနဲ့ မြို့တော်ဝန် အိမ်ဟောင်းတို့ကို ဖြိုဖျက်ခဲ့လို့ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။ ဒီ အဖျက်ခံလိုက်ရပြီးတဲ့ နေရာတွေကို စစ်အုပ်စုက ဖေဖော်ဝါရီ ၇ ရက်ကမှ ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အမှုနဲ့ပတ်သက်ပြီး ပျံ့နှံ့နေတဲ့ စာထဲမှာ ဇေကမ္ဘာဘက်က စစ်အုပ်စု ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အလက်တွေကို ဖောက်ဖျက်ပြီး ရှေးဟောင်းအဖြစ်သတ်မှတ်ထားတဲ့ အဆောက်အအုံတွေကို ဖြိုဖျက်ခဲ့တာတွေကြောင့်ဖမ်းဆီးခံရတာဖြစ်တယ်လို့ ရေးသားထားတာတွေ့ရပါတယ်။
ဇေကမ္ဘာဦးခင်ရွှေတို့ သားအဖကို ဒုဗိုလ်မှူးကြီး အောင်ကျော်မိုးက တရားလို ပြုလုပ်တိုင်ကြားထားတာဖြစ်ပြီး သူတို့နှစ်ဦးကို မနေ့က ညနေပိုင်းမှာ အင်းစိန်ထောင်ကို ပို့ဆောင်လိုက်တယ်လို့ ဗဟန်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပါတယ်။
‘မနေ့က ညနေက အင်းစိန်ပို့လိုက်တယ်။ သားအဖနှစ်ယောက်လုံးကို။ ပုဒ်မ ၂၄ နဲ့ပဲ ‘ လို့ သူက ပြောပါတယ်။
ဇေကမ္ဘာပြတိုက်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလဆန်းမှာ ဖွင့်ပွဲလုပ်ဖို့ စီစဉ်ခဲ့ပေမယ့် စစ်အာဏာသိမ်းလိုက်လို့ ဖွင့်ပွဲ မလုပ်လိုက်ရတဲ့ ပြတိုက်ဖြစ်ပါတယ်။အဲဒီပြတိုက်မှာ တန်ဖိုးကြီး ရှားပါးရှေးဟောင်းပစ္စည်းတွေကို ထားရှိပြသထားကာ မဖွင့်ထားသေးပေမယ့် နီးစပ်သူတွေ သွားရောက်ကြည့်ရှုနိုင်တဲ့ ပြတိုက်တစ်ခုလို့ သိရပါတယ်။