ချောင်းဝမှာ အကြမ်းဖက်တပ် မိုင်းဆွဲခံရ၊ ၂ ဦး ပွဲချင်းပြီးသေ

စစ်ကိုင်းတိုင်း၊ ကသာမြို့၊ ချောင်းဝရွာအနီး ခြေလျင်စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ ၂ ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မြို့လှ PDF ကထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၆ နာရီလောက်မှာ အင်အား ၅၀ လောက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ဟာ မင်းကျောင်းကုန်းရွာကနေ ချောင်းဝရွာဘက်ကို ကန်ဘောင်လမ်းအတိုင်း ထွက်ခွာလာစဉ်လမ်းခုလတ် တောစပ်တနေရာမှာ ဗိုလ်မိုဃ်းကြိုး ဦးဆောင်တဲ့ မြို့လှ PDF တပ်က မိုင်း ၈ လုံးနဲ့ စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဘက်က ၂ ဦးသေဆုံးအပြင် ၅ ဦးထက်မနည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး သေဆုံးနဲ့ဒဏ်ရာရသူတွေကို စက်လှေနဲ့ သယ်ယူသွားတယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ မြို့လှ PDF ဘက်က အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာတင်သင်္ဘော ၂ စီးဟာ ဒီနေ့မနက် ၉ နာရီလောက်က ရွှေကူမြို့ကနေ စတင်စုန်ဆင်းလာပြီး မြစ်ကမ်းတလျှောက် အကြမ်းဖက်စစ်သားတွေ လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။