ကြိုးကြာခေါင်းနီ စီမံကိန်းကို ဂျာမနီသံရုံး သွားရောက်လေ့လာ

ဧရာဝတီတိုင်း အတွင်းရှိ ကြိုးကြာခေါင်းနီ စီမံကိန်းကို မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။
ကြိုးကြာခေါင်းနီတွေကို စောင့်ကြည့်ကာကွယ်ဖို့နဲ့ ဒေသခံတွေရဲ့ အသိအမြင်ကို မြှင့်တင်ပေးနိုင်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ ကြိုးကြာငှက်ဖောင်ဒေးရှင်းရဲ့ ဧရာဝတီတိုင်းရှိ ကြိုးကြာခေါင်းနီ စီမံကိန်းကို ၂၀၂၁ ခုနှစ်မှာ ဂျာမနီသံရုံးက ထည့်ဝင်ပံ့ပိုးပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံရှိ ဇီဝမျိုးကွဲ ထိန်းသိမ်းစောင့်ရှောက်မှုကို ပံ့ပိုးဖို့နဲ့ အသေးစားစီမံကိန်း ထောက်ပံ့ရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဂျာမနီသံရုံးက ပံ့ပိုးခဲ့ခြင်းလည်းဖြစ်ပြီး သွားရောက်လေ့လာရာမှာ စီမံကိန်းခေါင်းဆောင်တွေ၊ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံကာ ခရီးလမ်းတစ်လျှောက် ကြိုးကြာငှက်တွေနဲ့ တခြားငှက်မျိုးစိတ်တွေကို လေ့လာစူးစမ်းခဲ့ရတာ အင်မတန် ကျေနပ်အားရဖွယ် ဖြစ်တယ်လို့ ဂျာမနီသံရုံးက ဆိုပါတယ်။
ကြိုးကြာဌက်တွေဟာ စိမ့်မြေအရပ်တွေနဲ့ ဆက်စပ်စိုက်ပျိုးမြေတွေမှာ နေထိုင်ကျက်စားကြပြီး ရာသီဥတုပြောင်းလဲမှု၊ စားကျက်မြေ ဆုံးရှုံးမှု၊ ပိုးသတ်ဆေးတွေ အသုံးပြုမှုနဲ့ တခြား အန္တရာယ်တွေကြောင့် တစ်ကမ္ဘာလုံးမှာရော ဒေသတွင်းမှာပါ အကောင်ရေ လျော့နည်းလာကြောင်း ဒါ့ကြောင့် ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်နေကြောင်း သိရပါတယ်။