ဖမ်းဆီးခံ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေအရေး နိုင်ငံတကာ ပါလီမန်အမတ်တွေ ဆွေးနွေး

Photo – CRPH
ဖမ်းဆီးခံ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပတ်သက်တဲ့ဆွေးနွေးပွဲကို လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) က Jailed For Being Elected ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာ ကျင်းပနေတဲ့ နိုင်ငံတကာပါလီမန်များ ညီလာခံ (IPU) ရဲ့ Side Event အဖြစ် မတ်လ ၂၂ ရက်နေ့ ဒေသစံတော်ချိန်မွန်းလွဲ ၁ နာရီမှာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နိုင်ငံတကာ ဆက်ဆံရေး ကော်မတီက ဒေါ်မြတ်သီတာထွန်းနဲ့ အဖွဲ့ဝင် ဦးစည်သူမောင်တို့က မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ ကြုံတွေ့နေရတဲ့ အခြေအနေ၊ မတရား ဖမ်းဆီးခံနေရမှု၊ ဥပဒေမဲ့ ခြိမ်းခြောက်ခံနေရမှုနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ် လို့ CRPH က ဒီကနေ့ ထုတ်ပြန်ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) ရဲ့ Committee on Human Rights of Parliamentarians ဒုဥက္ကဋ္ဌနဲ့ တက်ရောက်လာကြတဲ့ နိုင်ငံတကာလွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းက အကူအညီပေးနိုင်မယ့် ကိစ္စရပ်တွေ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေနဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH နဲ့ NUG အစိုးရတို့ကို တရားဝင် အသိအမှတ်ပြုနိုင်ရေး ကိစ္စရပ်တွေအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲကို နိုင်ငံတကာ ပါလီမန်များ ညီလာခံတက်ရောက်ဖို့ ရောက်ရှိနေကြတဲ့ မြန်မာ့အရေး စိတ်ပါဝင်စားသူ နိုင်ငံတကာလွှတ်တော် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ (APHR) ဥက္ကဌ မလေးရှားနိုင်ငံလွှတ် တော်ကိုယ်စားလှယ် Mr. Charles Santiago နဲ့ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြော ကြားခဲ့ပါတယ်။