ဒေါ်စုစုလွင်ရဲ့ ကျန်းမာရေးအရ အာဆီယံ အထူးသံနဲ့ တွေ့ဆုံမယ့် အစီအစဉ်ပျက်

သမ္မတဟောင်း ဦးထင်ကျော်ရဲ့ဇနီး ဒေါ်စုစုလွင်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် အာဆီယံအထူးသံတမန်နဲ့ တွေ့ဆုံမယ့်အစီအစဉ် ပျက်သွားတယ်လို့ သိရပါတယ်။
အာဆီယံ အထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွန်ခွန်းနဲ့ ဒေါ်စုစုလွင်တို့ မတ်လ ၂၁ ရက်နေ့မှာ တွေ့ဖို့စီစဉ်ထားပေမဲ့ ဒေါ်စုစုလွင်ရဲ့ကျန်းမာရေးအရ မတွေ့ဖြစ်တော့တာလို့ စစ်အုပ်စုပြောခွင့်ရ ဇော်မင်းထွန်းက BBC ကို ပြောပါတယ်။
တွေ့ဆုံပွဲ ပျက်သွားတာနဲ့ ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ခံ NLD လွှတ်တော်ကိုယ်စားလှယ် တစ်ဉီးကို Delta News Agency က ဆက်သွယ်မေးမြန်းခဲ့ရာ ကျန်းမာရေးအရ မတွေ့ဖြစ်တော့တာလို့ သိရကြောင်းသာပြောပြီး တခြားမှတ်ချက်မပေးပါဘူး။
ရန်ကုန်အခြေစိုက် နိုင်ငံရေး သုံးသပ်သူတစ်ဦးက ‘ဒေါ်စုစုလွင်ကလည်း NLD ကို ကိုယ်စားပြုပြောနိုင်သူမဟုတ်ဘူး။ ပြီးတော့ မင်းအောင်လှိုင်တို့က ဒေါ်စုစုလွင်ရဲ့တစ်ဦးချင်းတွေ့ဆုံမှုကို NLD ပါတီခေါင်းစဉ်တပ်အသုံးချနေတော့ ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် မတွေ့ဖြစ်တာကောင်းပါတယ်’ လို့ ဆိုပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြောနိုင်တာ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း သာဖြစ်တယ်လို့ NLD ဗဟိုအလုပ်ကော်မတီဦးကျော်ထွေးက ပြောကြားထားပါတယ်။
ပရတ်ဆွန်ခွန်းရဲ့ မြန်မာခရီးစဉ်ဟာ မတ်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိဖြစ်ပြီးမင်းအောင်လှိုင် တွေ့ခွင့်ပြုတဲ့သူတွေနဲ့သာတွေ့ပြီး ပြန်ရမယ့်အခြေအနေရှိတယ်လို့ နိုင်ငံရေးသုံးသပ်သူက ဆက်ပြောပါတယ်။
ပရတ်ဆွန်ခွန်းရဲ့ အခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှာ မဟုတ်သလို NUG အစိုးရနဲ့ တွေ့ဆုံခွင့်ပြုဖို့ ပန်ကြားချက်ကို မင်းအောင်လှိုင်က ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။
ဒေါ်စုစုလွင်ဟာ NLD ရဲ့ အရန်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်ပြီး ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်က ၂၀၂၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်ပါတယ်။