အာဆီယံ အထူးသံတမန်အနေနဲ့ စစ်အုပ်စုကို အကြံပြုတိုက်တွန်းဖို့ အချက် ၄ ချက်ကို တင်ပြခဲ့ကြောင်း ပြည်သူ့ပါတီက ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၁၁ နာရီက ရန်ကုန်မြို့ရှိ LOTTE Hotel မှာ အာဆီယံ အထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွန်ခွန်းနဲ့ ပြည်သူ့ပါတီတို့ တစ်နာရီကြာ တွေ့ဆုံဆွေးနွေးမှုမှာ အဲဒီလို အကြံပြုခဲ့တယ်လို့ ပြည်သူ့ပါတီက ထုတ်ပြန်ပါတယ်။
တင်ပြခဲ့တဲ့အချက် ၄ ချက်မှာ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးဖို့၊ အရပ်သား ထိခိုက်သေဆုံးမှုတွေကို ဘက်အသီးသီးက အကာကွယ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို ကျယ်ကျယ်ပြန့်ပြန့် ကူညီထောက်ပံ့ပေးဖို့နဲ့ အသွင်ကူးပြောင်းရေး ကြားကာလ နိုင်ငံရေး သဘောတူညီမှုတစ်ခု ရရှိစေဖို့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့တို့ ဖြစ်ပါတယ်။
အာဆီယံအထူးသံနဲ့ တွေ့ဆုံပွဲကို ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနဲ့ ပါတီဗဟို အလုပ်အမှုဆောင်တွေ၊ ဗဟိုကော်မတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ လက်ရှိ မြန်မာ့နိုင်ငံရေး အကြပ်အတည်း
ကို အမြင်ချင်းဖလှယ်ကြပြီးနောက် ပြည်သူ့ပါတီရဲ့ရပ်တည်ချက်နဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ နည်းလမ်းတွေကို ရှင်းလင်းတင်ပြခဲ့ကြတယ်လို့ ပြည်သူ့ပါတီက ထုတ်ပြန်ထားပါတယ်။