မြန်မာ့အရေး ယူကရိန်း ပြဿနာလို ပြင်းထန်တဲ့ ဒဏ်ခတ်မှုတွေ လုပ်ဆောင်သင့်

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပြင်းထန်တဲ့ဒဏ်ခတ်မှုတွေ ချက်ချင်းလုပ်သလို မြန်မာ့အရေးကိုလည်း လုပ်ဆောင်သင့်တယ်လို့ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောပါတယ်။
မတ်လ ၂၁ ရက်နေ့၊ ဂျီနီဗာမှာ ကုလလူ့အခွင့်အရေးကောင်စီထံ တင်သွင်းတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က အဲဒီလို ပြောကြားခဲ့တယ်လို့ VOA က ဖော်ပြပါတယ်။
စစ်တပ်အာဏာသိမ်းကာလ တနှစ်ကျော်လာတဲ့အထိ ကုလသမဂ္ဂအနေနဲ့ အစည်းဝေးတွေ ကျင်းပတာနဲ့ ကြေညာချက်တွေ ထုတ်ခဲ့တာသာရှိပြီး စစ်အုပ်စုကို ထိရောက်စွာ အရေးယူဖို့ ဆုံးဖြတ်ချက် ချနိုင်တာမျိုး မရှိခဲ့ဘူးလို့ သူကဆိုပါတယ်။
မြန်မာပြည်သူတွေဟာ နိုင်ငံတကာရဲ့ ဝေဝါးတဲ့ ကြေညာချက်တွေကို အယုံအကြည် ကင်းမဲ့နေကြပြီဖြစ်သလို လက်တွေ့ အရေးယူ လုပ်ဆောင်လာမယ့် အရေးကို ငြီးငွေ့တာရှည်စွာ စောင့်ဆိုင်နေကြရတယ်လို့လည်း ဆိုပါ တယ်။
မြန်မာစစ်တပ်ဟာ နေ့စဉ်နဲ့အမျှ ရာဇဝတ်မှု ကျူးလွန်နေပေမဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရနေတယ်လို့လည်း သူကပြောပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်သတ်ဖြတ်ညှင်းပန်းမှုတွေက မြန်မာစစ်တပ်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။