မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ အမေရိကန် တရားဝင်သတ်မှတ်

Photo- Reuters News
မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့မှုဟာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ အမေရိကန်အစိုးရက တရားဝင် သတ်မှတ်ကြောင်း ကြေညာလိုက်ပါတယ်။
မတ်လ ၂၁ ရက်နေ့၊ ဝါရှင်တန်ဒီစီမြို့တော်ရှိ Holocaust လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းပြတိုက်မှာ ပြသထားတဲ့ ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရမှု မှတ်တမ်းတွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် တက်ရောက်ကြည့်ရူခဲ့ပြီးနောက် အဲဒီလို ကြေညာလိုက်တာပါ။
ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရခြင်းနောက်ပိုင်း လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခြင်းအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်ခဲ့တာ ၇ ကြိမ် ရှိခဲ့ပါတယ်။ မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း အမေရိကန်က အခု သတ်မှတ်ဆုံးဖြတ် မှုဟာ ၈ ကြိမ်မြောက် ဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ အခုလိုသတ်မှတ်ကြေညာချက်ကို ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးက ကြိုဆိုလိုက်သလို ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကလည်း ဒီကြေညာချက်ကို ကြိုဆိုကြပါတယ်။