လူမျိုးတုံး သတ်ဖြတ်မှုကို မြန်မာစစ်တပ် ကျူးလွန်ခဲ့ကြောင်း အမေရိကန် ကြေညာမယ်

၂၀၁၇ ခုနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုဟာ လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း အမေရိကန်အစိုးရက ဒီနေ့မှာကြေညာမယ်လို့ သိရပါတယ်။
မတ်လ ၂၁ ရက်နေ့၊ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှု ပြတိုက်အတွင်း ဒီနေ့ ပြုလုပ်မယ့်ရှင်းလင်းပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ကြေညာခြင်းဟာ မြန်မာစစ်တပ်အနေနဲ့ နောက်ထပ်ကျူးလွန်မှာတွေကို ဟန့်တားနိုင်ဖို့ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိကြီးတစ်ဦးက ပြောပါတယ်။
ရိုဟင်ဂျာအရေး ဦးဆောင်လှုပ်ရှားနေတဲ့ အောရီဂွန်ပြည်နယ်အမတ် Jeff Merkley ကလည်း သမ္မတဘိုင်ဒင်အစိုးရရဲ့ ဒီလုပ်ရပ်ကို ကြိုဆိုကြောင်း ချက်ချင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း အမေရိကန်အစိုးရရဲ့အခု အစီအစဉ်ကို ကြိုဆိုတယ်လို့ ပြောပါတယ်။