ဧရာဝတီတိုင်း ဒေသအချို့မှာ မုန်တိုင်းအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်နေ

Photo- CJ
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်း အာစနီဟာ နောက် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာပြီး မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းရကြောင်း မိုးဇလက ထုတ်ပြန်ကြေညာထားပါတယ်။
မုန်တိုင်းဟာ ဒီကနေ့ ညနေမှာ ကိုကိုကျွန်းအနီးနဲ့ မနက်ဖြန် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းကို ဖြတ်ကျော်ဝင်ရောက်မှာပါ။
“မုန်တိုင်းသတင်းကြားတော့ Shelter တွေမှာ ရေနဲ့အစားအသောက်နဲ့ တချို့ပြင်ဆင်လို့ရတာတွေ တော့ပြင်ဆင်နေတယ်။ပိုက်ဆံရှိတဲ့သူကလဲ ရှိသလို ပြင်ဆင်တာပေါ့ နာဂစ်လို့အခြေအနေဆိုရင်တော့ အခက်အခဲတွေအများကြီးရှိလာနိုင်တယ်”လို့ လပွတ္တာခရိုင် ပြင်စလူမြို့ဒေသခံတစ်ဦးကပြောပါတယ်။
ဒါ့အပြင် ပင်လယ်တဲ့နီးတဲ့အရပ်က ဒေသခံတွေဟာ လပွတ္တာမြို့ပေါ်ကို မုန်တိုင်းရှောင် ရောက်လာကြတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။
မိုးရွာသွန်မှုနဲ့အတူလေပြင်းတိုက်ခတ်တာ မိုးထစ်ချုန်းရွာသွန်းတာတွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင် သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းတာ ကမ်းရိုးတန်း တစ်လျှောက်နဲ့ကမ်းလွန် ပင်လယ်ပြင်တို့က ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် သင်္ဘောတွေ ကြိုတင်သတိပြုနိုင်ဖို့ အသိပေးထားပါတယ်။
“မုန်တိုင်းသတင်းကြောင့် ငါးဖမ်းသင်္ဘောတွေပြန်ဝင်လာကြပြီးပင်လယ်ထွက်တဲ့ သူတွေလည်းကမ်းဝင် လာကြတယ်။ မနေ့ထဲက ရွာမှာမိုးတွေအုံ့နေပြီး ဒီနေ့မနက်တော့ တနာရီလောက်ဆက်တိုက်ရွာတယ်။ ကြိုတင်ပြင်ဆင်ထားတာတော့ ဘာမှတော့ မရှိသေးဘူး”လို့ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် ၊ ကတုံကနိ ဒေသခံတဦးကပြောပါတယ်။
မူလခန့်မှန်းလမ်းကြောင်းအတိုင်း ရွေ့လျားပါက မော်တင်စွန်းထိပ်ကို ဖြတ်ကျော်ချိန်မှာ မုန်တိုင်းဒီရေက ၅ပေကနေ ၆ပေခန့်အထိ မြင့်တက် နိုင်ပြီး ရခိုင်ကမ်းရိုးတန်းကို မတ်လ ၂၃ ရက်၊ကမ်းဖြတ်ချိန်မှာ ဒီရေ ၅ပေခန့်အထိ မြင့်တက်နိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။