ဘုရားပွဲကျင်းပနေစဉ် အကြမ်းဖက်တပ် လက်နက်ကြီးနဲ့ပစ်ခတ်၊ ၃ ဦးသေ၊ ၈ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျောက်တောင်ရွာမှာ ဘုရားပွဲကျင်းပနေစဉ် အကြမ်းဖက်စစ်တပ်က ၁၂၀(မမ) လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မတ်လ (၁၉) ရက်နေ့၊ ည ၈ နာရီခွဲလောက်မှာ ခမရ ၉ (ဝီယော်) ကနေ ၁၂၀ (မမ) လက်နက်ကြီးနဲ့ ၄ ချက်ပစ်ခတ်ခဲ့ရာ ဘုရားပွဲအတွင်း လူစုလူဝေးနေရာကို တစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကေအဲန်ယူ (ဗဟို) က ထုတ်ပြန်ပါတယ်။
ဒဏ်ရာရရှိသူ ၈ ဦးထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၃ ဦးပါဝင်ပြီး ပြင်းထန်ဒဏ်ရာရရှိသူတွေကို ညတွင်းချင်းနီးစပ်ရာ ဒေသဆေးခန်းတွေဆီ ဒေသခံတွေက ပို့ဆောင်ပေးခဲ့ပါတယ်။
ကျောက်တောင်ကျေးရွာ ဘုရားပွဲကို ကျေးရွာသားတွေက တစ်နှစ်တစ်ခါ ကျင်းပလေ့ရှိပြီး အခုနှစ်ရွာဘုရားပွဲကို မတ်လ ၁၈ နဲ့ ၁၉ ရက်နေ့မှာ ကျင်းပနေစဉ် ခမရ(၉) အကြမ်းဖက်တပ်ကနေ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။