စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးလို့ အိုးအိမ်ပျက်စီးခဲ့သူဟာ ဒီနှစ်မှာ လူ ၅၀၀၀ ကျော်ပြီလို့ သိရပါတယ်။
အိမ်ခြေအနေနဲ့ အကြမ်းဖက်စစ်တပ်နဲ့ပျူစောထီးမီးရှို့ဖျက်ဆီးခဲ့တဲ့အိမ် ၁၅၀၀ လောက်ရှိပြီး ရွာ ၉ ရွာ မီးရှို့ခံခဲ့ရတယ်လို့ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပေက ပြောပါတယ်။
ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပုလဲမြို့ပေါ်နဲ့ ၉ မိုင်လောက်ဝေးတဲ့ အိုင်းမရွာကို အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတို့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
‘ဘာ့ကြောင့်မီးရှို့သလဲဆိုတော့ ဘာအအကြာင်းပြချက်မှ ရေရေရာရာမရှိလည်း ရှို့တာပါပဲ။ ဇီးဖြူကုန်းရွာမှာ စခန်းချထားတဲ့ စစ်ခွေးတွေနဲ့ ပျူတွေက ပတ်ဝန်းကျင်ရွာတွေကို လိုက်မီးရှို့နေတယ်။ အဲဒါကြောင့် PDF တွေက ဇီးဖြူကုန်းကိုဝင်တိုက်တယ်။ အဲဒါကြောင့်ပဲ အိုင်းမကို မီးရှို့တာလားတော့မသိဘူး။ ၉ ရွာစလုံးက ရွာလုံးကျွတ် မီးလောင်သွားတာမျိုးတော့ မဟုတ်ဘူး။ တချို့ရွာက အိမ်ခြေတစ်ဝက်ကျော်လောင်တယ်၊ တချို့ကျတော့ လေး၊ငါး၊ ဆယ်လုံးလောက်ကျန်တာတွေရှိတယ်။’ လို့ ရဲဘော်ပေက ပြောပါတယ်။
ပုလဲမြို့နယ်အတွင်းရှိ မွေ့ထုံ၊ ကိုင်းတော၊ လှော်ကား၊ နှောရိုး၊သပြေအေး၊ အိုင်းမ စတဲ့ ရွာ ၉ ရွာထဲ က မီးရှို့ခံရတဲ့ အိမ်တွေက မိသားစုတွေဟာ ရွာအပြင်ဘက် တောထဲနဲ့ ယာခင်းတွေမှာ ဖြစ်သလို တဲထိုးနေကြရတယ်လို့ သိရပါတယ်။
‘သူတို့ရဲ့စားဝတ်နေရေးကို ဘေးရွာတွေက ဝိုင်းကူကြတာရှိတယ်။ မြို့နယ်ပကဖက ကူတာတွေရှိတယ်။ ပြီးတော့ မြိုင်၊ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်တွေက ဆန်ဆီဆား၊အဝတ်အထည် လာလှူတာမျိုး ရှိတယ်။ ကုလသမဂ္ဂတို့လို နိုင်ငံတကာ အကူအညီကတော့ လုံးဝမရဘူး’ လို့ ရဲဘော်ပေက ပြောပါတယ်။
အခုနှစ်မှာ ပုလဲမြို့နယ်အတွင်း စိုက်ပျိုးသီးနှံတွေအထွက်နှုန်းကျဆင်းသလို ဈေးကောင်းလည်း မရကြောင်း သိရပါတယ်။
‘ခရမ်းချဉ်သီးဆို တစ်ပိဿာ ၈၀၊ ၁၀၀ ပဲရှိတာ။ အဲဒါတောင်ဝယ်မယ့်သူမရှိလို့ ပုံနေတယ်’ လို့ သူကပြောပါတယ်။