ကလေးမြို့ အကျဉ်းထောင်အတွင်း ဖြစ်ပွားခဲ့တဲ့ ထောင်တွင်း အကြမ်းဖက်ဖြိုခွင်းခံရမှုနဲ့ ပတ်သတ်ပြီး အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုတွေ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်အတွင်း မတရား ဖမ်းဆီးခံထားရသော နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက လက်နက်အင်အားသုံး ပစ်ခတ်ပြီး ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်ဖြိုခွင်းမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဘောပင်၊ ဖောင်တိန်ကိုတောင် ကိုင်ဆောင်ခွင့် မရှိတဲ့ လက်နက်မဲ့ အကျဉ်းသားတွေကို ထွက်ပြေးလွတ်မြောက်ရန် ကြံစည်ကြိုးစားလို့ ပစ်ခတ်ခဲ့ရတာလို့ အကြောင်းပြချက်ပေးမှုဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ လုပ်ကြံဇာတ်လမ်း တစ်ပုဒ်ဖြစ်ပြီး အကျဉ်းသားတွေကို အကြမ်းဖက် ဖြိုခွင်းမှု ဖြစ်တာကြောင့် လူ့ကျင့်ဝတ်၊ လူ့အခွင့်အရေးတွေနဲ့ ဆန့်ကျင်တာမို့ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချတယ်လို့ ထည်သွင်း ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့တဲ့ ပြည်သူတွေနဲ့ ဖမ်းဆီးခံ ကျောင်းသား ပြည်သူတွေ ထိခိုက်နစ်နာမှု အပေါ် တရားမျှတမှု ရယူနိုင်ဖို့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့ အထိ မဆုတ်မနစ် ချီတက် တော်လှန်သွားမယ်လို့ ဆိုပါတယ်။