ခရမ်း စစ်သတင်းပေးလို့ ကျော်ကြားနေသူတစ်ဦး အပစ်ခံရပြီး ပွဲချင်းပြီးသေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ လှဘီလူးကျေးရွာက စစ်သတင်းပေးလို့ အများက ယူဆထားသူတစ်ဦး သေနတ်နဲ့ အပစ်ခံရကာ ပွဲချင်းပြီး သေဆုံးသွားပါတယ်။
ဒလန် လို့ကျော်ကြားနေသူ ကျော်မျိုးဦးကို ယမန်နေ့က အမည်မသိ အဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ ၁၂ ချက်တိတိ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
‘သူ့ရွာမှာပဲ အပစ်ခံရတယ်လို့ ကြားတယ်။ ကျော်မျိုးဦးသတင်းပေးလုပ်ပြီး စစ်တပ်နဲ့ပိုင်တယ်ဆိုပြီး မောက်မာနေတာ ကြာပါပြီ’ လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
ကျော်မျိုးဦးဟာ စစ်တပ်သတင်းပေး လုပ်နေတာ ကြာပြီဖြစ်ပြီး လှဘီလူးရွာက လူငယ်တွေကို ဖမ်းဆီးခိုင်းခဲ့တဲ့သူလည်းဖြစ်ကြောင်း ရွာခံတစ်ဦးကပြောကြောင်း ခရမ်းချန်နယ်က ဆိုပါတယ်။