အမေရိကန် – အာဆီယံ ညီလာခံပြုလုပ်မည့်ရက် ပြန်သတ်မှတ်မယ်

အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေ ထိပ်သီးညီလာခံအတွက် တွေ့ဆုံမယ့်ရက်ကို ပြန်ဆွေးနွေးနေတယ်လို့ အိမ်ဖြူတော်က မတ်လ ၁၇ရက်နေ့မှာ ပြောပါတယ်။
မတ်လ ၂၈ရက်နဲ့ ၂၉ ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေကို ဝါရှင်တန်ဖိတ်ခေါ်ပြီး ညီလာခံပြုလုပ်ဖို့ အမေရိကန်သမ္မတ ဘိုင်ဒမ်က ကနဦးစီစဉ်ခဲ့တာပါ။
ဒါပေမယ့် ခေါင်းဆောင်အားလုံး မတက်ရောက်နိုင်တာကြောင့် အခုလထဲ ပြုလုပ်မယ့် ညီလာခံမှာကို ရပ်ဆိုင်းလိုက်တာရတာလို့ ဆိုပါတယ်။
“ဖိတ်ကြားထားတဲ့ အာဆီယံခေါင်းဆောင်တွေ အားလုံးပါဝင်နိုင်စေဖို့၊ ဒီအစည်းအဝေးအတွက် သင့်လျော်မယ့်ရက်စွဲတွေကို ဖော်ထုတ်ဖို့ အာဆီယံမိတ်ဖက်တွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်”လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဒီညီလာခံဟာ ကြီးထွားလာနေတဲ့ တရုတ်ရဲ့ ဩဇာကို ပြန်တွန်းလှန်ဖို့ အမေရိကန်အစိုးရရဲ့ အားထုတ်မှု တစိတ်တပိုင်းအဖြစ် လေ့လာသူတွေက ရှုမြင်ကြပါတယ်။
အိမ်ဖြူတော်က အဲဒီထိပ်သီးဆွေးနွေးပွဲကို “ထိပ်တန်းဦးစားပေး” အဖြစ် ဖော်ညွှန်းပြီး အမေရိကန်-အာဆီယံ ဆက်ဆံရေး ၄၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြောကြားခဲ့ပါတယ်။