ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာ အကြမ်းဖက်စစ်တပ်ပစ်လို့ ကားပေါ်က ကလေးငယ်တစ်ဦးသေ

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာခရီးသွားကားတစ်စီးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ်လ၁၇ရက်နေ့ မနက်၉နာရီလောက်မှာ ဖိုလ်ဝင်တောင်လမ်းခွဲအနီး နှစ်ထပ်တက်အဆင်းမှာအကြမ်းဖက်စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့်ခရီးသွားကားအတွင်းထဲက ကလေးငယ်တစ်ဦး ဦးခေါင်းကျည်ထိပြီး သေဆုံးခဲ့တယ်လို့ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။
ခရီးသွားပြည်သူကားကို ပစ်ခတ်ခဲ့တဲ့ အကြမ်းဖက်တပ်ဟာ မတ်လ၁၆ရက်နေ့တုန်းက အင်ကြင်းတောင်တောရဘုန်းတော်ကြီးကျောင်းမှာညအိပ်စခန်းချခဲ့တဲ့သူတွေထဲက နောက်ကျန်နေရစ်ခဲ့တဲ့သူတွေလို့သိရပါတယ်။
ခရီးသွားပြည်သူတွေအနေနဲ့ ညောင်ပင်ကြီး-ယင်းမာပင်လမ်းပိုင်းပေါ်အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေကို စုံစမ်းပြီးမှ ခရီးသွားလာကြဖို့ ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက အကြံပြုပါတယ်။